ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တိုက်ပွဲတွေဖြစ်ပွားနေတာ တစ်နှစ်နီးပါးရှိနေပြီး စစ်ဘေးရှောင်အရေအတွက်ဟာလည်း တစ်သိန်းနီးပါးရှိလာပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ထုတ်ပြန်ပါတယ်။
ဒီထုတ်ပြန်ချက်ပြန်ရတဲ့အကြောင်းကို REC အဖွဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း ပြောတာက -
"အဓိက ပတ်သက်သူတွေဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သူတို့တွေရဲ့ တိုက်ပွဲဖော်ဆောင်မှုတွေကြောင့် လူထုတွေ ဘယ်လောက်ဒုက္ခရောက်နေပြီဆိုတာကို သူတို့ သိရှိပြီးတော့မှ၊ စာနာပြီးတော့မှ တခြားနည်းတွေ နဲ့ပေါ့နော် ရှာဖွေစေလိုတဲ့ကိစ္စပေါ့၊ ဒီမိုကရေစီအစိုးရအနေနဲ့ သူတို့မှာ ပြည်သူတွေကို ကာကွယ်စောက်ရှောက် ဖို့ တာဝန်ရှိတယ်၊ တာဝန်ရှိတဲ့အတိုင်းပဲ သူတို့က တာဝန်ယူမှု ရှိစေချင်တာပေါ့၊ နောက်တစ်ခုက ဒီသတင်း အချက်အလက်တွေကို မူတည်ပြီးတော့မှ ပံ့ပိုးကူညီနေတဲ့ ဒေသခံအဖွဲ့တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရဌာနဆိုင်ရာတွေကနေပြီးတော့မှ ဒီအချက်အလက်တွေ သုံးစွဲနိုင်အောင် အထောက်အကူဖြစ်အောင်ပေါ့ ဗျာ ဒီအချက် သုံးချက်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်"
ဒီအထဲမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကနေ ဒုက္ခသည်စခန်းတွေကို ထွက်ပြေးရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် ၃၅၀၀၀ နီးပါးရှိပြီး စခန်းကို မရောက်ဘဲ နီးစပ်ရာနေရာတွေကို ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ ၆၅၀၀၀ နီးပါးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒုက္ခသည်စခန်းတွေမှာ ထောက်ပံ့ကူညီမှုနည်းတာ၊ လုံခြုံမှုအားနည်းတာ၊ အသစ်ရောက်လာတဲ့ သူတွေအတွက် နေရာထိုင်ခင်းမရှိတာတွေကြောင့် စစ်ဘေးဒုက္ခသည် အများစုဟာ နီးစပ်ရာနေရာတွေကို ထွက်ပြေး တိမ်းရှောင်နေရတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ဘေးဒုက္ခသည်စခန်းတွေ မရောက်ဘဲ နီးစပ်ရာနေရာတွေကို ထွက်ပြေးရတဲ့အထဲမှာ ရသေ့တောင်မြို့နယ်က အများဆုံးဖြစ်ပါတယ်။
ရသေ့တောင်မြို့နယ်မှာဆိုရင် တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် ထွက်ပြေးရတဲ့ ကျေးရွာတွေ အများအပြားရှိနေတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
"တစ်သောင်းလောက်တော့ တိုးမှာ ရက်၂၀ အတွင်း၊ တိုက်ပွဲကအရင်လ ၁၁ ရက်နေ့ကတည်းစဖြစ်တာ ပြီးခဲ့တဲ့ ၃၊ ၄ ရက်လောက်ကမှ ပြီးတာ၊ သိပ်အသံမကြားတော့ဘူး၊ ရက် ၂၀ ကျော်ဆိုတော့ အဲဒီကြားမှာ တစ်သောင်းလောက်တိုးမှာ၊ အကုန်လုံးတော့ သုံးသောင်းလောက်ရှိမယ်၊ ရွာလုံးကျွတ်ပြေးတာ အများကြီးပဲ၊ ရွာလုံးကျွတ်ပြေးတာ ၁၀ ရွာလောက်ရှိမယ်"
ဒီစစ်ဘေးရှောင်တွေဟာ အစိုးရဘက်က ကူညီထောက်ပံ့တာ နည်းနေပြီး အခက်အခဲတွေဖြစ်ပါတယ်။
အစိုးအကူအညီ နည်းနေသလို စစ်ဘေးရှောင်တွေကို ကူညီဖို့ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာလည်း တားမြစ်ပိတ်ပင်ခံရတာတွေ ရှိနေပါတယ်။
စစ်ရှောင်တွေကို လွတ်လွတ်လပ်လပ် ကူညီခွင့်ပေးနိုင်ဖို့ လိုအပ်တယ်လို့ မြေပုံမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
"အစိုးရအနေနဲ့ကတော့ ရာခိုင်နှုန်းအားဖြင့် တော်တော်ကို နည်းပါတယ်၊ သူတို့ကိုမှီခိုမယ်ဆို တော်တော် ဒုက္ခရောက်မှာပါ၊ ဒေသခံတွေက စေတနာရှင်တွေက ပိုက်ဆံကောက်နေတာ၊ အလှူခံနေတာ၊ ထောက်ပံ့ဖို့ အတွက် အကူညီတောင်းနေတာကို အစိုးရက ပိတ်ပင်နေခြင်းဟာ၊ ငါတို့ခွင့်ပြုမှ လုပ်ရမယ်ဆိုတာမျိုးနဲ့ စည်းကမ်းချက်တွေ သတ်မှတ်ပြီးတော့ ပိတ်ပင်ထားခြင်းဟာ တော်တော်ကို ဒုက္ခရောက်ပါတယ်၊ အဲကြောင့် လွတ်လွတ်လပ်လပ် အကူညီပေးခွင့်တွေ လိုအပ်တယ်၊ အခြားနေရာက စစ်ဘေးရှောင်အတွက် အကူညီပေး ဖို့လာတာကို တားမြစ်တာတို့ ခွင့်မပြုတာတို့ မပြုဖို့လိုပါတယ်"
အစိုးရဘက်က စစ်ဘေးရှောင်တွေကို ကူညီတဲ့အခြေအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီရာမှာ ကန့်သတ်မှု ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။ နိုဝင်ဘာလကုန်လောက်က RFA က ဆက်သွယ်မေးမြန်းရာမှာတော့ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးတွေဆီကနေ စာရင်းကောက်ယူပြီး စာရင်းထဲရှိသူတွေကို ထောက်ပံ့နေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောကြားထားပါတယ်။
တပ်မတော်ဘက်ကတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ ဒုက္ခသည်စခန်းတွေဆီ အကူအညီပေးရေးအဖွဲ့တွေ သွားတဲ့အခါ တားမြစ်ကန့်သတ်တာတွေ ရှိခဲ့ပါတယ်။လက်ရှိအချိန်ထိ တပ်မတော်နဲ့ AA တိုက်ပွဲတွေဟာ တစ်နေ့ထက်တစ်နေ့ ပြင်းထန်နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရတာတွေ ပိုများလာတယ်လို့ အရပ်ဖက် အဖွဲ့တွေက ပြောပါတယ်။
ဒီလိုစစ်ဘေးဒုက္ခသည်တွေ တဖြည်းဖြည်းများလာတာဟာ တပ်မတော်က ရွာတွေထဲ လက်နက်ကြီးနဲ့ ပစ်တာ၊ စစ်ကြောင်းတွေလာရင် ခေါ်ယူစစ်ဆေးတာတွေကြောင့် ရွာတွေထဲမနေရဲဘဲ ထွက်ပြေးရလို့ များလာတာလို့ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပြောကြားထားပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကလည်း AA အဖွဲ့က ရွာကိုအခြေခံပြီး တိုက်ပွဲဖော်တာကြောင့် ရွာတွေကိုဝင်ရောက် စစ်ဆေးတာတွေပြုလုပ်ရတာဖြစ်ပြီး AA အဖွဲ့ပေါ်မှာ မူတည်တယ်လို့ RFA ကို တုံ့ပြန်ဖြေကြားထားပါတယ်။
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင် စစ်ဘေးရှောင်တွေပိုများလာသလို အခုနှစ်မှာ စပါးတွေမရိတ်သိမ်းနိုင်တာကြောင့် လာမယ့်နှစ်မှာ စားနပ်ရိက္ခာအခက်အခဲတွေ ရှိနိုင်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲတွေက ပြောကြပါတယ်။
လတ်တလော ဆောင်းရာသီကာလမှာတော့ စခန်းတွေမှာရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် အနွေးထည်တွေ လိုအပ်နေတယ်လို့ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၈ ဒီဇင်ဘာလကနေ အခု ၂၀၁၉ စက်တင်ဘာလအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ လူ ၈၀ ကျော်အထိ ရှိနေသလို ထိခိုက်ဒဏ်ရာရသူတွေကတော့ လူပေါင်း ၁၂၀ ကျော်လောက် အထိရှိနေပြီလို့ ရခိုင်အရပ်ဖက်အဖွဲ့တချို့က ပြောဆိုထားပါတယ်။
AA နဲ့ ဆက်စပ်တယ်ဆိုပြီး အရပ်သား ၂၀၀ ကျော်ကိုလည်း တပ်မတော်က တရားစွဲဆိုတာ၊ ဖမ်းဆီးထောင်ချ တာတွေရှိတယ်လို့ အရပ်ဖက်အဖွဲ့တွေ စာရင်းတွေအရ သိရပါတယ်။
0:00 / 0:00