ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဆန့်ကျင်ကန့်ကွက်နေသူတွေအနေ နဲ့ ကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးလိုတယ်ဆိုရင် အမြဲကြိုဆိုနေမှာဖြစ်တယ်လို့ ကော်မရှင်က ဒီနေ့ ပြောလိုက် ပါတယ်။
ဒီနေ့ စစ်တွေဟိုတယ်မှာ ကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုလိုက်တာဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးဝင်းမြက ရသမျှအကြံပြုချက်တွေကို နားထောင်မှာ ဖြစ်တယ် လို့ ပြောပါတယ်။
ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ နိုင်ငံခြားသားတွေ ပါဝင်နေတာကို ရခိုင်ပြည်နယ်အတွင်း ကန့်ကွက်မှုတွေပေါ်ပေါက်ခဲ့သလို စစ်တွေမြို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကလည်း လက်ခံတွေ့ဆုံဖို့ ငြင်းဆိုနေကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်ကလည်း ကော်မရှင်ကို အသိအမှတ်မပြုကြောင်း ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လာမယ့်သြဂုတ်လကော်မရှင်ရဲ့တစ်နှစ်ပြည့်အချိန်မှာ အပြီးသတ်အစီရင်ခံစာကို အစိုးရထံတင်သွင်းရမှာဖြစ်ပါတယ်။
ကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ မတ်လအတွင်းက ကြားဖြတ်အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အဲဒီအစီရင်ခံစာပါ အကြံပြုချက်တွေကို ပြည်နယ်အစိုးရက စတင်အကောင်အထည်ဖော်နေပြီလို့လည်း ကော်မရှင်အဖွဲ့ဝင်တွေ က ပြောပါတယ်။