မြန်မာအစိုးရကို တင်သွင်းလိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာနဲ့ ပတ်သက် ပြီး ကော်မရှင်ဥက္ကဋ္ဌဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ၂ဝ၁၇ သြဂုတ်လ ၂၄ ရက် ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ကော်မရှင်အနေနဲ့ အပြီးသတ်အစီရင်ခံစာ တင်သွင်းလိုက်ပြီမို့ အခုအခါမှာ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့တာဝန်ဟာ မြန်မာအစိုးရနဲ့ ဌာနဆိုင်ရာတွေ၊ မြန်မာပြည်သူတွေ၊ ရခိုင်ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်၊ ဘာသာရေးလူမှုရေး ခေါင်းဆောင်တွေ၊ ရခိုင်ပြည်သူတွေရဲ့ လက်ထဲမှာ ရောက်ရှိသွားပါပြီလို့ ကိုဖီအာနန်က ပြောပါတယ်။
ဒီအကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ ယန္တရားတရပ်ဖော်ဆောင်ဖို့ အဆိုပြု ထားတဲ့အကြောင်း၊ အဲဒီလို အကောင်အထည်ဖော်ရာမှာ ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ မူဝါဒတွေကို ညှိနှိုင်းပေါင်း စပ်ပေးဖို့ သီးခြားတာဝန်အတွက် ဝန်ကြီးအဆင့်ရှိသူတဦး ခန့်အပ်ဖို့တောင်းဆိုကြောင်းလည်း မစ္စတာ ကိုဖီအာနန်က ပြောပါတယ်။
မနေ့က တင်သွင်းလိုက်တဲ့ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က သဘာဝ သယံဇာ တတွေကို ဒေသခံလူ့အဖွဲ့အစည်းတွေ ခံစားခွင့်ရအောင်လုပ်ဆောင်ဖို့၊ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသား စိစစ်တဲ့လုပ်ငန်းတွေကို အရှိန်မြင့်လုပ်ဆောင်ပြီး ရေရှည်မှာ ဒီဥပဒေကို ပြန်လည်သုံးသပ်ဖို့၊ ဘာသာရေး လူမျိုးရေး နဲ့ နိုင်ငံသားဖြစ်တည်မှု မခွဲခြားဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးဖို့ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။
ဒ့ါပြင် နိုင်ငံရေးကဏ္ဍနဲ့ လူ့အဖွဲ့အစည်းမှာ အားလုံး ကိုယ်စားပြုပါဝင်ခွင့်ရအောင် လုပ်ဆောင်ဖို့၊ လူ့အဖွဲ့အစည်းတွေ အကြား စေ့စပ်ညှိနှိုင်းနိုင်မယ့် ပတ်ဝန်းကျင်ကောင်းတွေ ဖော်ဆောင်ဖို့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဆိုပြီး သီးခြား မသတ်မှတ်ဘဲ တခုတည်းသောရဲတပ်ဖွဲ့သာ ထားရှိဖို့၊ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်ရေး ဆက်လက်အားကောင်းအောင် လုပ်ဆောင်ဖို့ စတာတွေကို အကြံပေးကော်မရှင်က တိုက်တွန်းထားပါတယ်။