မေတ္တာမွန်သိုလှောင်ရုံ ပေါက်ကွဲမီးလောင်မှု ၁၇ ဦးသေဆုံး

ဒီကနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မနက် ၂ နာရီခန့်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်ရှိ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် ပစ္စည်းများထားရှိတဲ့ မေတ္တာမွန် သိုလှောင်ရုံမှာ ဓာတုဗေဒပစ္စည်းတွေ ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရသွားပါတယ်။

သေဆုံးသူတွေထဲမှာ မီးသတ်ဝန်ထမ်း ၅ ဦး နဲ့ အမျိုးသမီး ၅ ဦး ပါဝင်ပါတယ်။ အသက်ဆုံးရှုံးခဲ့တဲ့ မီးသတ် တပ်ဖွဲ့ဝင် (၅) ဦးကတော့ ဦးဇော်ဌေး ၊ ကိုအောင် ၊ ကိုသော်ဇင်မျိုးထက် ၊ ကိုတင်စိုး နဲ့ ကိုမျိုးကျော် တို့ ဖြစ်ပါတယ်။ မနက် ၆ နာရီခွဲကျော်မှာ မီးငြိမ်းသွားခဲ့ပြီး ဂိုဒေါင် ၁၆ လုံး နဲ့ အိမ်ခြေ ၈၀ နီးပါး မီးလောင်ကျွမ်းခဲ့ကာ အိမ်ထောင်စု ၂၀၀ နီးပါး က လူတစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ မီးဘေး ဒုက္ခသည် အများစုဟာ အနီးအနားက စာသင်ကျောင်းတွေ နဲ့ ဘုန်းကြီး ကျောင်းတွေမှာ လက်ရှိ ခိုလှုံနေကြပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့် မဟာဝိဇယရာမ ကျောင်းတိုက် ဆရာတော် ဦးပညိန္ဒ က မိမိတို့ ကျောင်းတိုက်မှာ ဒုက္ခသည် ရာပေါင်းများစွာ လက်ခံစောင့်ရှောက်ထားပြီး အခုအချိန်ထိ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ပါတီ အဖွဲ့အစည်းတွေ နဲ့ အစိုးရတာဝန်ရှိသူတွေက လာရောက်လှူဒါန်းကြတဲ့ အလှူငွေ ကျပ်သိန်း ၄၀၀ ကျော် ရရှိထားပြီလို့ အာအက်ဖ်အေကို မိန့်ကြားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မီးဘေးဒုက္ခသည်တွေအတွက် အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးတွေ ဆောင်ရွက်ဖို့ ကယ်ဆယ်ရေး အဖွဲ့တစ်ခု ဖွဲ့လိုက်ပါတယ်။ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာကို ဒုဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်တဲ့ NLD အဖွဲ့ဝင်တချို့ ဒီကနေ့ သွားရောက် ကြည့်ရှုအားပေးခဲ့ပါတယ်။ ဦးတင်ဦးက မီးဘေးဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး အတွက် ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး မိမိတို့ပါတီက စီစဉ်နေတယ်လို့ ပြောပါတယ်။ လက်ရှိ လူနာတွေ အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးသန်းဝင်းကို အာအက်ဖ်အေ က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။ မီးလောင်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အကြောင်းရင်း အတိအကျကို အခုအချိန်အထိ မသိရသေးပါဘူး။ မီးလောင်ပေါက်ကွဲမှုနဲ့ပတ်သက်လို့ နောက်ဆုံးရရှိတဲ့ သတင်းအချက်အလက်တွေကို အာအက်ဖ်အေအဖွဲ့ သူအဖွဲ့သားတွေက စုစည်း တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

0:00 / 0:00