မုဒိမ်းမှုကို ဘယ်လိုအပြစ်ပေးမလဲ လွှတ်တော်မှာဆွေးနွေး
2018.05.25

မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ် အနှစ် ၂၀ အထိချမှတ်နိုင်ပြီး မုဒိမ်းမှုကျုးလွန်ခံရသူဟာ အရွယ်ရောက်ပြီး သူဖြစ်စေ၊ အရွယ်မရောက်သေးသူဖြစ်စေ အမှုဟာ အသတ်ခံရတဲ့အထိဖြစ်ခဲ့ရင် တရားခံကို သေဒဏ် ချမှတ်နိုင်တယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ပြောပါတယ်။
ဒီနေ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုတွေကို မေးမြန်းရာမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး တရားသူကြီး ဦးသာဌေး က ဖြေကြားခဲ့တာဖြစ်ပါတယ်။
"မုဒိန်းမှုနဲ့စပ်လျဉ်းပြီး ရာဇသသက်ကြီးပုဒ်မ ၃၇၆ အရ ပြစ်မှုကျူးလွန်တဲ့တရားခံကို ထောင်ဒဏ် အနှစ် ၂ဝ အထိဖြစ်စေ၊ ၁ဝ နှစ်အထိ ထောင်ဒဏ်တစ်မျိုမျိုးဖြစ်စေ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်၊ သို့သော် တရားခံက အရွယ်မရောက်သေးသူ ကလေးသူငယ်ကိုဖြစ်စေ၊ အရွယ်ရောက်ပြီးသူကိုဖြစ်စေ မုဒိန်းမှုပြုကျင့်ပြီး ယင်းမုဒိန်းမှုပြုကျင့်ခံရသူကို သတ်ဖြတ်ခဲ့ကြောင်း ပေါ်ပေါက်ပါက ယင်းတရားခံကို တရားရုံးက ရာဇသသက်ကြီးပုဒ်မ ၃ဝ၂၊ ၁ ဃ အရ သေဒဏ်မှအပ အခြားပြစ်ဒဏ်ချမှတ်နိုင်ခြင်း မရှိသဖြင့် သေဒဏ်ကို မလွှဲမသွေချမှတ်မှာဖြစ်ပါတယ်"
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာဒေါ်မေဝင်းမြင့်နဲ့ ဒေါ်ချိုချိုတို့က သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထိရောက် ပြင်းထန်တဲ့ ပြစ်ဒဏ်တွချမှတ်ဖို့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်း ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနဲ့ တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးတို့က လာရောက်ဖြေကြားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ်အနှစ် ၂၀ အပြစ်ပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနက ညွှန်ကြားထားတာ ရှိပေမယ့် မုဒိမ်းမှုတွေကတော့ လျော့ကျသွားတာမရှိဘူး လို့ ပြောပါတယ်။
ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက အရက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ညစ်ညမ်းဇာတ်ကားတွေ အလွယ်တကူကြည့်ရှုခွင့်ရနေတာတွေဟာ မုဒိမ်းမူဖြစ်ပွားမူကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ ပါဝင်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ သက်ငယ်မုဒိမ်းမှုပေါင်း ၆၇ဝ ကျော်ရှိခဲ့ပြီး ၊ ၂၀၁၇ ခုနှစ်မှာ ၉၀၀ နီးပါး ၊ ဒီနှစ် ၂၀၁၈ ခုနှစ်အတွင်း ဧပြီလအထိ ၃၀၀ ကျော် အထိရှိတယ်လို့ ဗိုလ်ချုပ် အောင်စိုးက ပြောပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်မေဝင်းမြင့်က မြန်မာလူ့အဖွဲ့အစည်းမှာ မုဒိမ်းမှုဖြစ်ပွားပြီဆိုရင် ကျူးလွန်သူကို အပြစ်တင်လေ့မရှိဘဲ ကျူးလွန်ခံရသူရဲ့ ဝတ်စားဆင်ယင်မှုကြောင့်ဆိုတဲ့ လွဲမှားတဲ့ အယူအဆတွေဟာ မုဒိမ်းမှုကျူးလွန်ခံရသူကို နှစ်ထက်ကွမ်းနစ်နာစေတယ်လို့ ဆွေးနွေးခဲ့ပါတယ်။
မုဒိမ်းမှုကျူးလွန်သူတွေဟာ ထောင်ဒဏ်အပြစ်ပေးခံရရင်လည်း ထောင်လျော့ရက်တွေ၊ လွတ်ငြိမ်းချမ်းသာခွင့်တွေ နဲ့ ထောင်ထဲမှာ ခေတ္တခဏသာနေရပြီး ပြန်လွတ်လာတာတွေရှိတဲ့အတွက် တိကျတဲ့ ဥပဒေတွေ ပြင်ဆင်ပြဌာန်း သင့်တယ်လို့ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း မုဒိမ်းမှု အများဆုံးဖြစ်ပွားခဲ့တဲ့ နေရာတွေကတော့ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ဖြစ်ပါတယ်။