တရုတ်နိုင်ငံကို မြန်မာက မြေရှားသတ္တုတင်ပို့မှု စံချိန်တင် လျော့ကျ

RFA Burmese
2024.12.24
တရုတ်နိုင်ငံကို မြန်မာက မြေရှားသတ္တုတင်ပို့မှု စံချိန်တင် လျော့ကျ ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို ၂၀၂၂ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကချင်ပြည်နယ်က မြေရှားသတ္တုထွက်တဲ့ ချီဖွေမြို့နယ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် တရုတ်နိုင်ငံကို မြေရှားသတ္တုတင်ပို့တဲ့ ပမာဏ ၈၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာန (China Custom) ရဲ့ နိုဝင်ဘာလအထိ ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေ မဖြစ်ခင် စက်တင်ဘာလမှာ မြေရှားသတ္တု ၄၂၀၀ တန်အထိ ပို့ခဲ့ပေမဲ့ နိုဝင်ဘာလမှာတော့ တင်ပို့မှု ၇၅၅ တန်သာ ရှိခဲ့တာပါ။ ဒါကြောင့် တိုက်ပွဲမဖြစ်ခင်ကထက် စံချိန်တင်လျော့နည်းခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာလအတွင်းမှာတော့ မြေရှားသတ္တုထွက်တဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပေမဲ့ အောက်တိုဘာလ ၁၈ ရက်နေ့အထိ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေ ဖွင့်ထားတာပါ။ အဲဒီလအတွင်းမှာတော့ မြန်မာကနေ မြေရှားသတ္တု ၂၃၀၆ တန်သာ တင်ပို့နိုင်တာကြောင့် တိုက်ပွဲမဖြစ်ခင်ကထက် ထက်ဝက်ခန့် လျော့သွားတာကို တွေ့ရပါတယ်။

ကချင်ပြည်နယ်က မြေရှားသတ္တု အဓိကတင်ပို့တဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေ ပိတ်ထားတာကြောင့် နိုဝင်ဘာလထဲမှာ မြေရှားသတ္တုကို ဘယ်လမ်းကြောင်းက တင်ပို့နေတယ်ဆိုတာ အတိအကျမသိရဘူးလို့ ပန်ဝါဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပန်ဝါကတော့ ပိတ်ထားတာ ဟုတ်တယ်။ ကန်ပိုက်တီဂိတ်ကနေတော့ တရုတ်က တစ်သျှူးငှက်ပျောတွေ တရုတ်ဘက်ကို တင်ပို့နေတာတွေတော့ရှိတယ်။ အခုက သူတို့ တခြားလမ်းကြောင်း တစ်ခုခုကနေ တင်ပို့တာ ဖြစ်မယ်"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မြေရှားသတ္တုတင်ပို့တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ၁၁ လအတွင်းမှာတော့ မြန်မာကနေ တရုတ်ကို တင်ပို့တဲ့ မြေရှားသတ္တုတန်ချိန် ၃၁,၀၀၀ ခန့် (၃၀၉၃၄ တန်) တင်ပို့ခဲ့ပြီး ဒါဟာ အမေရိကန်ဒေါ်လာ သန်းရှစ်ရာကျော် တန်ဖိုးရှိတယ်လို့ တရုတ်အကောက်ခွန်ဌာန (China Custom) ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ မြန်မာ-တရုတ်နယ်စပ်ဂိတ်အားလုံးကို ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြန်ဖွင့်ခဲ့ပေမဲ့ ကန်ပိုက်တီနယ်စပ်ဂိတ်မှာ တစ်သျှူးငှက်ပျောကားတွေ တင်ပို့နေတာကလွဲလို့ ကုန်သွယ်တာနဲ့ ကားအဝင်အထွက်တွေ မတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။