နယ်မြေရှင်းလင်းရေး ညွှန်ကြားချက် ရုပ်သိမ်းပေမယ့် ထွက်ပြေးတဲ့ ဒေသခံ တစ်သောင်းနီးပါး ရှိလာ


2020.06.29

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနဲ့ အနီးတဝိုက်ရွာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်မယ့် ညွှန်ကြားချက်ကို ပြန်ရုပ်သိမ်းလိုက်ပေမယ့်လည်း ရွာသားတွေ ဒီနေ့အထိ ကြောက်လန့်ထွက်ပြေးနေတာ လူပေါင်းတစ်သောင်းလောက်ရှိနေပြီလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအနီးတဝိုက်မှာ AA အဖွဲ့တွေရှိတာကြောင့် နယ်မြေ ရှင်းလင်းရေးလုပ်ဖို့ ရပ်ရွာတွေကနေ ခေတ္တဖယ်ပေးဖို့ ဇွန်လ ၂၄ ရက်နေ့က ရခိုပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ရေးနဲ့ လုံခြုံရေးဝန်ကြီးက စာထုတ်လိုက်ပါတယ်။

ဒီလိုစာထုတ်ပြန်ရာမှာ “နယ်မြေရှင်းလင်းရေး” ဆိုတဲ့ အသုံးအနှုန်းအပေါ် ပုံကြီးချဲ့ ပြောဆိုတာတွေ ရှိလာနိုင်တဲ့ အတွက် ပြန်ရုပ်သိမ်းကြောင်း မနေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်က RFA ကို ပြောပါတယ်။

ဒီလိုရုပ်သိမ်းတယ်ပြောပေမယ့် ဒေသခံတွေကတော့ ကြောက်လန့်ထွက်ပြေးနေကြဆဲဖြစ်ပြီး အခုဆို လူဦးရေ တစ်သောင်းနီးပါးရှိပြီလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

“ရုပ်သိမ်းတဲ့စာ ထုတ်ပေမယ့် လူထုလက်ထဲ မရောက်ဘူး၊ သူတို့မသိဘူး၊ လူထုမှာ အကြောက်တရား အများကြီးရှိတယ်၊ အခုလည်း ပြေးနေတုန်းပဲ၊ ပြေးတာက ရောသွားတယ်၊ အဲဒီစာနဲ့ စစ်ကြောင်းထွက်တာနဲ့၊ အဲဒီတဝိုက်မှာ အမြောက်ဆံတွေ ကျနေတာနဲ့၊ ပြေးတာ အကုန်လုံး တစ်သောင်းကျော်လောက်ရှိတယ်၊ ရွာပေါင်းလည်း ၂၀လောက်ရှိတယ်”

ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာက မခင်ဆန်းဌေးက ပြီးခဲ့တဲ့ ၂ ရက်လောက်က ရွာနဲ့ ရွာအနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိလို့ စစ်တွေမြို့ကို ထွက်ပြေးလာကြရတာလို့ RFA ကို ပြောပါတယ်။

ဒီထွက်ပြေးတဲ့ ကျေးရွာသားတွေဟာ ရသေ့တောင်မြို့ပေါ်၊ စစ်တွေ၊ ဘူးသီးတောင်နဲ့ နီးစပ်ကျေးရွာတွေကို ထွက်ပြေးတာတွေလည်းရှိတယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။

ဒီရုပ်သိမ်းတယ်ဆိုတဲ့စာကို လက်ရှိအချိန်ထိ အုပ်ချုပ်ရေးမှူးတွေဆီ မရောက်သေးဘူးလို့လည်း ဦးခင်မောင်လတ် က ပြောပါတယ်။

အုပ်ချုပ်ရေးမှူးတွေကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

ဒီကျောက်တန်းကျေးရွာဘက်က ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကိုထားဖို့ ရသေ့တောင်မြို့ပေါ်မှာ နေရာမရှိတောကြောင့် စစ်တွေကို ပို့နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုဘက္ကာက ပြောပါတယ်။

“ရသေ့တောင်မှာ စစ်ဘေးရှောင်စခန်း ၁၈ ခုရှိတယ်ဗျ၊ အဲမှာလည်း ပြည့်ကြပါနေပြီ မဆန့်တော့ဘူး၊ အခုရက်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေးစာထုတ်ပြီး ယာယီဖွင့်ထားတာက အရှေတောင်ရပ်ကွက် ဓမ္မာရုံမှာတစ်ခု၊ အလိုတော်ပြည့်ကျောင်းမှာ တစ်ခုရယ်၊ ကုန်သွယ်လယ်ယာဂိုထောင်မှာ တစ်ခုရယ်၊ သုံးခုကို ဖွင့်ထားတယ် အဲဒီမှာလည်း ပြည့်သွားပြီ လူတွေက”


ဒီညွှန်ကြားချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့  မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့ သြစတြေးလျ သံရုံးတွေကလည်း “တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအပေါ် စိုးရိမ်ကြောင်း” ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။

နယ်မြေရှင်းလင်းရေးလုပ်ဆောင်ဖို့ ကြေညာထားတဲ့နေရာဟာ  အရပ်သားတွေ နေထိုင်တဲ့ နေရာတွေ ဖြစ်နေတယ်လို့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

“လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ကျူးလွန်လို့ပဲ ရိုဟင်ဂျာကိစ္စနဲ့ ICJ နဲ့ ICC မှာ မြန်မာစစ်တပ်က တာဝန်ရှိ တဲ့သူတွေ အမှုရင်ဆိုင်ရတာမျိုးတွေ ဖြစ်လာတာပေ့ါနော်၊ အခုလို နယ်မြေရှင်းလင်းရေး လုပ်တယ်ဆိုတာက အရပ်သားတွေအပေါ်မှာ ပစ်မှတ်ထားပြီးတော့ လုပ်တဲ့လုပ်ရပ်ဟာ လူ့အခွင့်ရေး ချိုးဖောက်တာပဲ၊ ဒီလို လူ့အခွင့်ရေး ချိုးဖောက်တာတွေကို ဆက်လက်ကျူးလွန်နေမယ်ဆိုရင် မြန်မာစစ်တပ်အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ UN မှာဖြစ်ဖြစ် လက်ရှိ ICJ ကိစ္စမှာရော နောင်ဖြစ်လာမယ့် ICC ကိစ္စတွေမှာရော ပိုပြီးတော့ ရင်ဆိုင်ဖြေရှင်းရခက်လာမယ်”

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ မွတ်စလင် သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ်က ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဘယ်လိုကူညီမှုတွေ ပေးနေသလဲဆိုတာကို လူသားချင်းစာနာမှု အကူညီပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို RFA က အီးမေးလ်းနဲ့ ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာတော့ မရှိသေးပါဘူး။

နယ်မြေရှင်းလင်းမယ်ဆိုတဲ့ သတင်းကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စာရုပ်သိမ်းပေမယ့် နေရပ်မပြန်နိုင်သေးဘဲ အခြေအနေစောင့်ကြည်နေရတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

“ဒီနေ့အချိန်ထိ တိုက်ပွဲမရှိသေးဘူးလို့တော့ သတင်းရတယ်၊ သူတို့ပြန်ဖို့အတွက်ဆိုရင်လည်း အခက်အခဲ ရှိနေတယ်၊အဲအတွက် သူတို့စောင့်ကြည်နေပါတယ်၊ တိုက်ပွဲတွေ မရှိရင်တော့၊ လုံခြုံရင်တော့ သူတို့တွေ ပြန်ဖို့အစီစဉ်ရှိပါတယ်၊ ပြန်ဖို့ဆိုတာလည်း ကုန်တတန်ရေတတန် လာရတဲ့ခရီးတွေကလည်း ရှိတော့လေ”

လက်ရှိမှာ ထွက်ပြေးလာတဲ့ ဒေသခံတွေမှာ နေထိုင်စားသောက်ဖို့အတွက် အရပ်ဖက်အဖွဲ့တွေ၊ အလှူရှင်တွေ ကနေ ဆောင်ရွက်နေရပြီး အစိုးရက ကူညီတာမရှိသေးဘူးလို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်ကတော့ ရသေ့တောင်က ထွက်ပြေးလာတဲ့ စစ်ဘေး ဒုက္ခသည်တွေ အခြေအနေကို အစိုးရကို တင်ပြအကူအညီတောင်းလာတာ မရှိသေးဘဲ တင်ပြလာရင် ကူညီပေးသွားမယ်လို့ ပြောပါတယ်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံးက ဦးဇော်ဇော်ထွန်းက

“ရွာသားတွေ နေရပ်စွန်ခွာမှု မဖြစ်ရအောင် စိုးရိမ်စိတ်မဖြစ်ရအောင်၊ လောလောဆယ် နယ်မြေရှင်းလင်း တာတွေ မလုပ်ပါဘူးဆိုတဲ့ဟာမျိုး၊ ပြောလည်းပြော တကယ်လက်တွေ့မှာလည်း မလုပ်နဲ့ဦးပေါ့၊ ရွာက လူတွေက တကယ်ကြောက်လန့်ပြီး ထွက်ပြေးနေကြတော့ လောလောဆယ် စာကိုရုပ်သိမ်းတဲ့အပြင် စစ်ရေးလှုပ်ရှားမှုတွေလည်း မလုပ်သင့်သေးဘူးပေါ့နော်”

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့အထိ တစ်သိန်းငါးသောင်းကျော် ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။