NCA အနှစ်သာရကို ကိုင်ဆွဲထားဆဲဖြစ်ကြောင်း RCSS ပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုပျက်ပြယ်ပြီလို့ မဆိုနိုင်သလို ဒီနေ့အထိ NCA ရဲ့အနှစ်သာရကို ကိုင်ဆွဲထားဆဲဖြစ်တယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) က ဩဂုတ်လ ၂၁ ရက်ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
သြဂုတ်လ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ RCSS ဌာချုပ်ဖြစ်တဲ့ လွိုင်တိုင်းလျဲန်းမှာ ကျင်းပတဲ့ ခြောက်လပတ် အစည်းအဝေးအပြီးမှာ အခုလိုထုတ်ပြန်လာတာ ဖြစ်ပါတယ်။
တချို့အဖွဲ့အစည်းတွေကြားမှာ NCA စာချုပ် ပျက်ပြယ်သွားပြီဆိုတာမျိုး ပြောဆိုနေပေမယ့် RCSS အနေနဲ့ ငြိမ်းချမ်းရေးကို ရှေးရှုပြီး လက်မှတ်ရေးထိုးထားတာဖြစ်လို့ NCA ပျက်ပြယ်သွားပြီလို့ မဆိုနိုင်သေးဘူးလို့ ဆိုပါတယ်။
NCA အနှစ်သာရအရ ပြည်တွင်းစစ်မီး တောက်လောင်နေမှုကိုငြှိမ်းသတ်ဖို့ လက်နက်အင်အား မသုံးဘဲ တွေ့ဆုံညှိနှိုင်းကြတာကသာ အကောင်းဆုံးဖြစ်တယ်လို့ RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက RFA ကို ပြောပါတယ်။
“NCA အရ ရှေ့ဆက်သွားနိုင် မသွားနိုင်ဆိုတာက တစ်ကဏ္ဍပေါ့လေ။ NCA အနှစ်သာရမှာ ပါတဲ့အတိုင်း လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေ ပြဿနာတွေ ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ကိစ္စ အားလုံး ဖြေရှင်းတဲ့နည်းက NCA ထဲမှာပါတဲ့ တွေ့ဆုံကြ ညှိနှိုင်းကြ လက်နက်အင်အားမသုံးဘဲ ဝိုင်းဝန်းပြီး အဖြေရှာတဲ့ နည်းလမ်းက အကောင်းဆုံးပဲလို့ ဆိုလိုတာပေါ့”
NCA ဟာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေအပြင် ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU)၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန် စတဲ့နိုင်ငံတွေကပါ အသိသက်သေနဲ့ပါဝင် လက်မှတ်ရေးထိုးထားတာ ဖြစ်တယ်လို့ဆိုပါတယ်။
တွေ့ဆုံဆွေးနွေးရေးကနေ တိုင်းပြည်အုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲဖို့ဖြစ်ပေမယ့် အလျှော့အတင်း မလုပ်နိုင်တာကြောင့် NCA မှာပါတဲ့ အချက်တွေကို အကောင်အထည်ဖော်ရေး ရှေ့မတိုးနိုင်ဖြစ်ခဲ့ရတာလို့ RCSS ဘက်က ပြောပါတယ်။
နိုင်ငံအရေး လေ့လာသုံးသပ်သူ ဦးသိန်းစိုးနိုင်ကတော့ RCSS ရဲ့ အခုလိုထုတ်ပြန်ချက်ဟာ စစ်ကောင်စီအတွက် NCA လမ်းကြောင်းကနေ ထွက်ပေါက်ရအောင် လုပ်ပေးနေတာလို့ သုံးသပ်ပါတယ်။
“RCSS က အဲလို ထုတ်ပြန်တယ်ဆိုတာက စစ်ကောင်စီကို NCA အရ ထွက်ပေါက်ရအောင် လုပ်ပေးသလို ဖြစ်တာပေါ့။ ဒါပေမဲ့ လက်တွေ့မြေပြင်မှာက အဲလိုမဟုတ်တဲ့အကြောင်း KNU ဗဟိုကော်မတီက ပြီးခဲ့တဲ့ရက်မှာပဲ NCA လုပ်ငန်းစဉ်ဟာ ချုပ်ငြိမ်းသွားပြီ၊ NCA နဲ့ဘာမှလုပ်လို့ မရတော့ဘူးဆိုတဲ့ အခြေအနေမှန်ကို သုံးသပ်ပြီး ထုတ်ပြန် ကြေညာသွားတယ်။ ဒီနေ့ကာလမှာ NCA ရဲ့အခန်းက ဘာမှမရှိတော့ပါဘူး။ ဒီဟာက RCSS က စစ်ကောင်စီအတွက် နိုင်ငံရေး ထွက်ပေါက်ပေးနိုင်ဖို့ အကြောင်းရှာပြီး ထုတ်ပြန်တာပါ။ မြေပြင်အခြေအနေနဲ့ ကလည်း ကွဲလွဲနေတော့ NUG နဲ့တိုင်းရင်းသာအဖွဲ့တွေက လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်”
NCA စာချုပ်ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နဲ့ စတင် လက်မှတ်ရေးထိုးခဲ့ကြတာပါ။
အဲဒီအချိန်က ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့ ပါဝင်ခဲ့ပါတယ်။
NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာတော့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ပါ လက်မှတ်ရေးထိုးခဲ့တာကြောင့် NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့ ဆယ်ဖွဲ့ရှိလာပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့တွေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာမျိုး မရှိပါဘူး။
NCA ထိုးထားပြီးသားထဲက ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ကတော့ စစ်ကောင်စီနဲ့ နေပြည်တော်မှာ မကြာခဏ တွေ့ဆုံဆွေးနွေးလေ့ရှိပါတယ်။