RCSS/SSA က ဖမ်းဆီးခဲ့သူတွေကို ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး ကော်မရှင်ပြော


2018.08.08
rcss-ssa-622.jpg ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် ကျိုင်းခမ်းဒေသမှာ နှစ်ရှည်သစ်ပင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၄ ခုက အလုပ်သမား ၁၂ ဦးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က ၈ နှစ်နီးပါးကြာ ဖမ်းဆီးထားခဲ့တာကို ပြန်လွှတ်ပေးဖို့  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ဒီကိစ္စအပေါ် ဖြေရှင်းပေးဖို့ ၃ ကြိမ်လောက် ကော်မရှင်က အကြောင်းကြားခဲ့ပေမယ့် RCSS ဆက်ဆံရေးရုံးကို အကြောင်းကြားထားတယ်လို့သာ ရှမ်းပြည်နယ်အစိုးရက ပြန်ကြားလာတာကြောင့် အများပြည်သူသိရှိအောင် အခုလို သတင်းထုတ်ပြန်လိုက်တာလို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က RFA ကို ပြောပါတယ်။

"ကျနော်တို့ဆီကို ၂၀၁၇ စက်တင်ဘာလ ၄ ရက်နေ့က တိုင်တာပေါ့၊ တိုင်တော့  အန်ကယ်တို့က စက်တင်ဘာလ ၂၀ ရက်နေ့မှာပဲ ရှမ်းပြည်နယ် အစိုးရကို  လှမ်းပြီးတော့ မေတ္တာရပ်ခံတာပေါ့နော်၊ ဒီကလေးတွေ ပြန်လည် လွှတ်ပေးဖို့အတွက် ကြိုးစားပေးဖို့ပေါ့၊ လှမ်းပြောတာပေါ့နော်၊ လှမ်းပြောတော့  ရှမ်းပြည်နယ်အစိုးရ လည်း တော်တော်နဲ့ မပြန်ကြားဘူး၊ အန်ကယ်တို့က ၃ ခါလောက်  သူတို့ကို သတိပေးရတာပေါ့နော်၊ ကျနော် တို့ကို အကြောင်းပြန်ပေးပါ ဆိုပြီးတော့  နှိုးဆော်ရတာပေါ့၊ အဲတော့ ၂၀၁၈ ခုနှစ် မေလကျတော့မှ  ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးက သူတို့လည်း ကြိုးစားကြည့်တယ်ပေါ့နော်၊  မရဘူးပေါ့၊ အဲဒါကြောင့် RCSS/SSA ဆက်ဆံရေးရုံး ကို ဒီကလေးတွေ  ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်ဆိုပြီးတော့ ပြောတာပေါ့၊ ၇ နှစ် ၈ နှစ်လောက်တော့ ရှိသွားပြီ၊ အန်ကယ်တို့အနေနဲ့ကျတော့ RCSS တို့ ဘာတို့ကို  ပြောလို့မရဘူးလေ၊ အဲဒါကြောင့် အများပြည်သူ သိအောင်၊ သူတို့လည်း  သတင်းစာလေးဖတ်ရင် သိအောင်လို့ ဆိုပြီးတော့ ဒါလေးကို တိုက်တွန်းတာပေါ့"

EZY, Power Tun, Love and Like နဲ့ Pan Thu ကုမ္ပဏီ ၄ က အလုပ်သမား ၁၂ ယောက်ကို RCSS/SSA တပ်မဟာ ၇၅၉၊ တပ်ခွဲ ၁၉၈ က ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလက ဖမ်းဆီးသွားခဲ့ပြီးနောက် ၆ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာ အဖမ်းခံထားရသူတွေကို ငွေကျပ်သိန်း ၂၀၀ နဲ့ အဲဒီကုမ္ပဏီတွေဘက်ကလူ ၇ ဦးက သွားပြန်ရွေးချိန်မှာ နောက်ထပ် ၆ ဦးကို ထပ်မံ ဖမ်းဆီးထားလိုက်တာ ဖြစ်တယ်လို့ ဦးယုလွင်အောင် က ပြောပါတယ်။

အဲဒီနောက် ၇ နှစ်အကြာ ၂၀၁၇ စက်တင်ဘာလအထိ ပြန်မလွှတ်ပေးတာကြောင့် သူတို့ရဲ့ မိဘတွေက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားလာတာဖြစ်ပါတယ်။

RCSS/ SSA အဖွဲ့ဟာ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်ထံကို အကြောင်းကြားထားတယ်လို့လည်း ဦးယုလွင်အောင် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။