RCSS နဲ့ SSPP တိုက်ပွဲ ဒေသခံတစ်ထောင်လောက် ထွက်ပြေးနေရ

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းကောင်ရွာအနားတဝိုက်မှာ ဇွန်လ ၁ ရက်နေ့ကစပြီး ဒီနေ့ထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်တွေ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

ရှမ်းလက်နက်ကိုင်တပ်တွေ အချင်းချင်းဖြစ်နေတဲ့ အဲဒီတိုက်ပွဲကြောင့် ရွာငါးရွာက အရပ်သားတစ်ထောင် နီးပါးဟာ ကျေးသီးမြို့ပေါ်နဲ့ ဘုန်းကြီးကျောင်းလေးကျောင်းမှာ ခိုလှုံနေရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အမည်မဖော်လိုတဲ့ ကျေးသီးမြို့ခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"ကျေးသီးမြို့ဟော်ကျောင်းမှာရယ်၊ မြို့ဦးကျောင်းမှာရယ်၊ ကမ္မဌာန်းကျောင်းမှာရယ် ရွာဘက်မှာအပါဆို သုံးလေးငါးနေရာမှာ၊ ဒီကနေ့ ထပ်ပစ်ကြတယ်ဆိုတော့ ထပ်တိုးဖို့ရှိမယ်ရှင့်၊ ဒီနေ့ညနေပိုင်းမှာ မိုင်းကောင် ရွာနားမှာ ထပ်ပစ်နေကြတယ်လို့ ကြားတယ်ရှင့်၊ သူတို့ကတော့ ဖြစ်နိုင်ရင် မလာချင်ကြသေးဘူး အိမ်စွန့် ပြီးတော့ မလာချင်ကြဘူး အရဲစွန့်ပြီးနေနေကြသေးတယ်၊ တအားကြီးပြေးလို့လွှားလို့မရတဲ့ ကလေးသူငယ် တို့ အဖွားကြီးတို့ပဲ အဲလိုလာကြတာပြီးတော့ ပေါ်တာဆွဲလို့ရတဲ့ ယောက်ျားငယ်လေးတွေ အဲလိုပဲလာကြ တာ၊ အဖွဲ့အစည်းဘက်ကတော့ လှူတာမရှိသေးဘူးရှင့် မြို့ပေါ်ကမြို့ခံတို့ သူတို့ကရွာဘက်ကလေ မြို့ပေါ်ကလူတွေပဲ အဲလိုလှူနေကြသေးတယ်ရှင့်"

မိုင်းကောင်ရွာ၊ ဆွန်မွန်းရွာ၊ မဟူရွာ၊ ကူမိုင့်ဟူးလွန်၊ ဝမ်ဖိန်း စတဲ့ရွာက ပြည်သူတွေ ထွက်ပြေးရတာပါ။

kyee-thee-villagers.jpg
(RCSS နဲ့ SSPP တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ကျေးသီးမြို့နယ်က ရွာသားများ) Photo CJ

ဇွန်လတစ်ရက်နေ့ထဲက SSPP တပ်က အင်အားတစ်ထောင်လောက်နဲ့ ကျေးသီးမြို့နယ် လွိုင်ဟုန်းတောင်မှာ တပ်စွဲထားတဲ့ RCSS တပ်ကို ထိုးစစ်ဆင်လာလို့ တိုက်ပွဲစဖြစ်တာလို့ RCSS အဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းခမ်းစံ က ပြောပါတယ်။

ဇွန်လ ငါးရက်နေ့မှာတော့ လွိုင်ဟုန်းတောင်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကျေးသီးမိုင်းနောင် လမ်းပိုင်းတလျှောက် စစ်ကောင်စီဘက်က တြိဂံဒေသတိုင်း လက်အောက်ခံ ခမရ(၅၇၃)တပ်တွေပါ လှုပ်ရှားလာနေတယ်လို့ ပြောပါတယ်။

အဲဒီနေ့မှာ လဲချားအခြေစိုက် ခမရ(၅၁၅)တပ်နဲ့ပါ RCSS တပ်တို့ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားတယ်လို့ RCSS ဘက်က ပြောပါတယ်။

"ဒီကနေ့ ထပ်ပစ်ကြတယ်ဆိုတော့ ထပ်တိုးဖို့ရှိမယ်ရှင့်"

အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ ကျေးသီးမြို့နယ်အတွင်း RCSS နဲ့တိုက်ပွဲမှာ SSPP ဘက်ကနေ TNLA နဲ့ UWSA ဝတပ်ဖွဲ့ က တပ်သားတွေပါ ပါဝင်တိုက်ခိုက်ပေးနေတယ်လို့ ပြောဆိုနေကြပါတယ်။

SSPP ကတော့ လက်ရှိကျေးသီးမြို့နယ်အတွင်း တိုက်ပွဲမှာ TNLA တအာန်းအဖွဲ့နဲ့ ဝတပ်ဖွဲ့တွေ ဝင်တိုက်ပေးတယ်ဆိုတာ မဟုတ်ဘူးလို့ SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းသန်းအောင်က ပြောပါတယ်။

"ကျွန်တော်တို့ SSPP တစ်ဖွဲ့ထဲပါ TNLA လည်းမရောက်ပါဘူး၊ တပ်မတော်ပိုင်းမှာလည်း RCSS က သွားတိုက်လို့ တပ်ဘက်က ပြန်ချတာပေါ့လေ၊ ကျွန်တော်တို့ SSPP ဘက်က ဝင်ကူတဲ့သဘောမျိုးတော့ မဟုတ်ဘူးဗျ၊ သူများပြောပြောနေကြတဲ့ ဝတပ်ဖွဲ့လာတယ် ဝတပ်ဖွဲ့လာတယ်လို့ အမြဲတမ်းပြောနေကြ တယ်၊ တကယ်တန်းကျတော့ သူတို့ ယာဉ်တန်းကြီးကို မြင်လိုက်တော့ ဝတပ်ဖွဲ့ယာဉ်တန်းလို့ မြင်နေ ကြတယ် တကယ်တန်းကျတော့ မဟုတ်ဘူးဗျ၊ ကျွန်တော်တို့ ယာဉ်တန်းပါပဲ၊ ကျွန်တော်တို့ SSPP ဌာန ချုပ် လုံခြုံရေးအတွက် လာရောက်နှောင့်ယှက်တဲ့အတွက် ပြန်တိုက်ရခြင်းပဲဖြစ်ပါတယ်"

ကျေးသီးမြို့နယ် နမ့်မော်ဆိုင်ရွာ လွိုင်ဟုန်းတောင်ကျောဟာ အရင်က SSPP နဲ့ RCSS တပ်ဖွဲ့ တွေ တစ်ဝက်စီ စိုးမိုးထားကြပြီး၊ ၂၁၀၅ မှာ RCSS က စစ်တပ်နဲ့ပေါင်းပြီး လွိုင်ဟုန်းတောင်က SSPP တပ်တွေကို ထိုးစစ်ဆင် ခဲ့လို့ SSPP တပ်ဖွဲ့စိုးမိုးတဲ့ ကျေးသီးမြို့နယ်က ကျေးရွာအုပ်စု လေးအုပ်စုကိုလည်း လက်လွှတ်ခဲ့ရတယ်လို့ SSPP က ပြောပါတယ်။

အဲဒီနေရာတွေမှာ RCSS တပ်ဖွဲ့တွေကို ဒေသခံတွေက ငွေကြေးနဲ့လူသစ်ပေးရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာ လို့ ဆုတ်ခွာပေးဖို့ မေတ္တာရပ်ခံပေမယ့် လက်မခံတာကြောင့် တိုက်ပွဲဖြစ်ရတာလို့လည်း SSPP က တုံ့ပြန် ပါတယ်။

TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးမိုင်းအိုက်ကျော်

TNLA ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ရှမ်းမြောက်ဒေသ နမ္မတူမြို့နယ်မှာ ပြီးခဲ့တဲ့လတွေက SSPP နဲ့ပေါင်းပြီး RCSS ကို တိုက်ခိုက်ခဲ့တာမှန်ပေမယ့် ကျေးသီးမြို့နယ်ထဲမှာတော့ သူတို့တပ်ဖွဲ့ ပါဝင်တာ မရှိဘူးလို့ တုံ့ပြန်ပါတယ်။

"ကျေးသီးနယ်ကတော့ SSPP နဲ့ပဲဖြစ်ပါတယ်၊ အဲနယ်မှာတော့ ကျွန်တော်တို့ လှုပ်ရှားနယ်လည်း မဟုတ် ပါဘူး၊ ကျောက်မဲတို့ နမ့်ခမ်းတို့မှာ သူတို့ဘက်က အမျိုးမျိုးစွပ်စွဲနေတာပဲ၊ ကျွန်တော်တို့ဘက်က ဝ တွေကော တခြားအဖွဲ့ အစည်းတွေကော အကုန်လုံးပါတယ်ဆိုပြီး ရမ်းသန်းပြီးမှ စွပ်စွဲနေတာပေါ့ နော့်၊ အဲဒါ ကတော့ အရင်တုန်းက သူတို့ပြောနေတာပဲ။ အဲဘက်မှာတော့ ကျွန်တော်တို့ လှုပ်ရှားနယ်မြေလည်း မဟုတ်ပါဘူး၊ ကျွန်တော်တို့အဖွဲ့က မရောက်ပါဘူးနော်"

RCSS ကတော့ ရှမ်းတပ်နှစ်ခုရဲ့ တွေ့ဆုံဆွေးနွေးရေးကို လမ်းကြောင်းလေးခုနဲ့ ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။ ပထမဦးဆုံး RCSS နဲ့ SSPP ကိုယ်စားလှယ်တွေစေလွှတ်ပြီး ဆွေးနွေးတာ၊ ဒုတိယကတော့ ရှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ကနေ ဆွေးနွေးတာ၊ တတိယကတော့ ကြားခံအဖွဲ့ အစည်းနဲ့ဆွေးနွေး တာ၊ စတုတ္ထလမ်းကြောင်းက ပြည်တွင်းပြည်ပ သံဃာတော်တွေနဲ့ ဆွေးနွေးတာရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ SSPP ဘက်က RCSS တပ်တွေ တောင်ပိုင်းပြန်ဆုတ်ခွာရေးအပေါ် အခြေခံတဲ့ နယ်မြေပိုင်းခြားရေး လမ်းကြောင်းကိုသာ ရွေးချယ်နေပြီး RCSS ကတော့ အမျိုးသားရေးနဲ့ ရှမ်းပြည်တိုးတက်ရေးလမ်းကြောင်းကို အခြေခံပြီးဆွေးနွေးကြတာမှာ အခုထိအဆင်မပြေနိုင်သေးဘူးလို့ RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံက RFA ကို ပြောပါတယ်။

RCSS တပ်ဖွဲ့ဟာ ရှမ်းတောင်နဲ့ ထိုင်းနယ်စပ် လွိုင်တိုင်းလျန်မှာ ဌာနချုပ်တည်ရှိတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဦးသိန်းစိန်အစိုးရလက်ထက် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။

SSPP ကတော့ လက်နက်ကိုင်အားလုံးပါဝင်ရေးမူကို လက်ကိုင်ထားပြီး NCA မှာ လက်မှတ်မထိုးသေးဘဲ ပြည်နယ်အဆင့် အပစ်ရပ်စာချုပ်မှာသာ လက်မှတ်ရေးထိုးထားတာပါ။ SSPP ဟာ ဝ ဦးဆောင်တဲ့ FPNCC အဖွဲ့မှာ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ဖြစ်ပါတယ်။