RCSS နဲ့ TNLA တိုက်ပွဲဖြစ်၊ ထွက်ပြေးနေရသူ ၃၀၀ ကျော်ရှိ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ကွပ်ကျေးရွာနဲ့နားတီးကျေးရွာတစ်ဝိုက်မှာ တအာင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့TNLA နဲ့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၃၀၀ ကျော်ဟာ မန်စံကျေးရွာ မန်ဟောင် ဘုန်းတော်ကြီးကျောင်းမှာ ထွက်ပြေးရောက်ရှိနေပါတယ်။

ထွက်ပြေးလာသူတွေကို မန်စံဒေသခံတွေနဲ့သီပေါဝမ်းမော လူမှုကူညီရေးအဖွဲ့တွေက စားစရာတွေ ကူညီပေးနေ တယ်လို့ မန်စံကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

"မနက်ပိုင်းနဲ့ ညနေပိုင်းကတော့ ကျနော်တို့ မန်စံရွာထဲက ချက်ပြုတ်ပြီးကျွေးကြတယ်၊ နေ့လည်တုန်းက ဝမ်းမောအဖွဲ့တွေလေ သူတို့က နမ္မတူမှာ သင်တန်းပေးတယ်ဆိုလို့ နမ္မတူအဖွဲ့တွေကို ကျနော်တို့ အကြောင်းကြားလိုက်တော့ ဝမ်းမောက ချက်ချင်းထွက်လာတယ်၊ ၇ ပြည် ဆန်ပိတ် ၈ဝ၊ ငါးသေတ္တာ၊ နောက် နို့တိုက်မိခင်တွေကိုကျတော့ အာဟာရရယ် ကလေးရဲ့ဒိုက်ဘာရယ်ပေါ့ အဲလိုမျိုးတွေပေးတယ်"

RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဦး က ဒေသခံတွေ ထိခိုက်နစ်နာမှုမရှိအောင် အင်အားသုံး တိုက်ခိုက်တာတွေ မလုပ်ဘဲ နှစ်ဖက်ခေါင်းဆောင်တွေ တေ့ွဆုံဆွေးနွေးဖို့ လိုတယ်လို့ ပြောပါတယ်။

"အမှန်ဆိုရင် တွေ့ဆုံညှိနှိုင်းပြီးတော့နော် ဖြေရှင်းတာက အကောင်းဆုံးနည်းလမ်းပါ၊ ဒါမျိုး တိုက်ပွဲတွေဖြစ်တာတို့ လူအင်အားနဲ့ဖြေရှင်းတာက နည်းလမ်းအမှန်မဟုတ်ပါဘူး၊ အထိခိုက်အနစ်နာဆုံးက ပြည်သူတွေပေါ့နော်၊ ကျနော်တောင်မှ ကြားနေရတာက စစ်ဘေးရှောင်ပြည်သူတွေ ရှိနေတယ်လို့ပြောတယ်၊ ပလောင် တအာင်းတိုင်းရင်းသားတွေလည်းပါတယ်၊ နှစ်ဖက်ထိတွေ့မှု တိုက်ပွဲဖြစ်တယ်ဆိုတာ အထိခိုက်ဆုံးက ပြည်သူလူထုပါပဲ"

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA နဲ့ RCSS/SSA တို့အကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ မကြာခဏဆိုသလို နေရပ်စွန့်ခွာထွက်ပြေးကြရပါတယ်။ ကျောက်မဲမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်အစပ်နဲ့နမ္မတူမြို့နယ်နဲ့ နမ္မတူမြို့နယ် မန်ကျော့ကျေးရွာတစ်ဝိုက်မှာ TNLA နဲ့RCSS တပ်တွေ မနေ့မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်မဲ၊ နမ့်ဆန်ဒေသဘက်က RCSS စခန်းတွေကို TNLA တအာင်းပလောင်အဖွဲ့က အင်အားတစ်ရာကျော်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အစီ အစဉ်တကျနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

မနေ့က ထွက်ပြေးလာသူတွေဟာ ပန်ကွတ်၊ နားတီး၊ ပန်ဆော့၊ မန်ဝါ ကျေးရွာတွေကဖြစ်ပြီး ဒုက္ခသည်တွေအတွက် စားစရာနဲ့ စောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။