တံတားနီနေ့ အခမ်းအနား

အာဏာရှင်ဦးနေဝင်းရဲ့ အစိုးရကို ချီတက်ဆန္ဒပြခဲ့တဲ့အတွက် အကြမ်းဖက် ဖြိုးခွင်းခံခဲ့ရတဲ့ ရန်ကုန် တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တံတားနီအရေးအခင်း နှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာကျင်းပခဲ့ပြီး ကျောင်းသားခေါင်းဆောင်ဟောင်းတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအခမ်းအနားကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးက သမိုင်းကို မမေ့ပျောက်ဖို့ ပြောပါတယ်။

"သမိုင်းဆိုတာဟာ ကောင်းတာတွေကို ဆက်လက်ပြီးသယ်ဆောင်ဖို့၊ တချို့ အားနည်းချက်တွေ၊ တချို့ ချို့ယွင်း ချက်တွေရှိရင် နောက်နောင်မဖြစ်အောင် ပြင်ဆင်ဖို့၊ အဓိကက ဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ ဒီအခမ်းအနားတွေ လုပ်ကြတာဖြစ်ပါတယ်၊ အဲဒီတော့ တကယ့်တကယ်က ကျနော်တို့နိုင်ငံမှာ ပဋိပက္ခတွေ၊ မတူကွဲပြားမှုတွေ၊ အကြမ်းဖက်မှုတွေဟာ နိုင်ငံအတွက် ဘယ်လိုကောင်းကျိုးမှ မဖန်တီးပေးနိုင်ခဲ့ဘူးဆိုတာတွေဟာ ကျနော်တို့ အတွေ့အကြုံအရ မျက်မြင်ခံစားခဲ့ရပြီးဖြစ်ပါတယ်၊ ဒါကြောင့် ကျနော်တို့နိုင်ငံကို လှပတဲ့၊ ပိုပြီးကောင်းမွန်တဲ့ အနာဂတ်ကိုတည်ဆောက်ဖို့အတွက် ဒီအတိတ်အနိဌါရုံမျိုးတွေ ထပ်မံမပေါ်ပေါက်ဖို့၊ စနစ်တစ်ခုကို မှန်မှန် ကန်ကန်တည်ဆောက်ကြဖို့ ကျနော်တို့ အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်"

ဒီအောက်မေ့ဖွယ်ပွဲကို ၈၈ မျိုးဆက်ကျောင်းသားတွေက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး အဲဒီအချိန်က တံတားနီအရေးအခင်းမှာပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ၅၀ လောက် တက်ရာက်ခဲ့ပါတယ်။

ခေတ်အဆက်ဆက် အာဏာရှင်တွေကို တော်လှန်ရင်း ကျဆုံးသွားတဲ့ ကျောင်းသားတွေကို အလေးပြုခဲ့ပြီး တံတားနီနေ့ အောက်မေ့ဖွယ် နှင်းဆီပန်းချတာတွေနဲ့ မီးထွန်းတာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်တဲ့ အစိုးရကို ရန်ကုန်တက္ကသိုလ်အသီးသီးက ကျောင်းသားတွေ စုဝေးချီတက်ဆန္ဒပြခဲ့ပြီး ရန်ကုန်မြို့ ပြည်လမ်းပေါ်မှာရှိတဲ့ အင်းလျားကန်ဘောင်က တံတားဖြူမှာ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတာဖြစ်ပါတယ်။