ကျွန်းလှမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံနှစ်သောင်းနီးပါး နေရပ်မပြန်နိုင်သေး
2024.12.05
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာကို စစ်ကောင်စီတပ်က အထိုင်ချဖို့အတွက် အနီးတစ်၀ိုက်ရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ရွာပေါင်း ၁၄ ရွာက ဒေသခံနှစ်သောင်းနီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရဆဲဖြစ်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
အင်အား သုံးရာနီးပါးပါတဲ့ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလ ၂၀ ရက်နေ့ကစလို့ ကုက္ကိုကုန်းရွာနဲ့ အနီးအနားရွာတွေကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတာလို့ ဆိုပါတယ်။
ကုက္ကိုကုန်းရွာ အပါအဝင် တကုန်း၊ မြင်သာဦး၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ၊ တောင်ယာဆိပ်၊ ညောင်ကုန်း၊ မကျီးကုန်း၊ လက်ခုပ်ပင်၊ အောင်ချမ်းသာ စတဲ့ ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က ကုက္ကိုကုန်းရွာကို အထိုင်ချဖို့ နေရာတွေ ပြင်ဆင်နေပြီး နှစ်ပတ်ကြာတဲ့အထိ ဒေသခံ နှစ်သောင်းနီးပါး နေရပ်မပြန်နိုင်ကြသေးဘဲ စားဝတ်နေရေး အခက်အခဲကြုံနေရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ဒီကုက္ကိုကုန်းကို စထိုင်လိုက်တဲ့အတွက်ကြောင့် ရွာပေါင်း ၁၄ ရွာက စစ်ဘေးရှောင်နေကြတယ်။ ပြည်သူတွေ ဒုက္ခတွေ ရောက်နေကြတယ်။ လမ်းဘေးမှာ မိုးကာတဲလေးတွေနဲ့ လှည်းအောက်မှာ မိုးကာလေးတွေ ခင်းပြီး နေရတယ်။ ခါတိုင်းလို ခဏဝင်ပြီး ထွက်မယ်ထင်တော့ ပြည်သူတွေက အရေးကြီးပစ္စည်းကလွဲပြီး ဘာမှယူမလာကြဘူး။ အခုဆို စားဖို့ကို တော်တော်ခက်ခဲနေတာ။ အခုဆို သူတို့ (စစ်ကောင်စီတပ်) က ကုက္ကိုကုန်းမှာ ဘက်ဟိုးတွေနဲ့ ကတုတ်ကျင်းတွေ တူးနေတယ်။ အထိုင်ချဖို့ လုပ်နေတာပေါ့"
ကုက္ကိုကုန်းရွာကို စစ်ကောင်စီတပ် အထိုင်မချနိုင်အောင် ကာကွယ်ရေးတပ်ဖွဲ့တွေက နေ့စဥ် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပေမဲ့ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ တန်ပြန်တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ခက်ခဲမှုရှိနေတယ်လို့ သူက ပြောပါတယ်။
အိမ်ခြေ သုံးထောင်နီးပါးရှိတဲ့ ကုက္ကိုကုန်းရွာဟာ ရွာပေါင်းလေးရွာပါဝင်တဲ့ အုပ်စုရွာကြီးဖြစ်ပြီး ကျွန်းလှမြို့ရဲ့ မြောက်ဘက် ဆယ်မိုင်ခန့်မှာ တည်ရှိပါတယ်။ စီးပွားရေး အချက်အချာကျတဲ့ အုပ်စုရွာဖြစ်ပြီး အနီးဝန်းကျင်မှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေလည်း ရှိပါတယ်။ လက်ရှိမှာတော့ စစ်ကြောင်းကြောင့် အဲဒီလုပ်ငန်းတွေလည်း ရပ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းစထိုးတဲ့ နိုဝင်ဘာလထဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာတွေအပြင် ကုက္ကိုကုန်း၊ လွှတ်တိုက်၊ မဒေါင်နဲ့ ဆွဲလှဲရွာတွေက နေအိမ် ငါးရာနီးပါးလည်း မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၃.၄ သန်း ရှိနေပါတယ်။