ဒီပဲယင်းမှာ ရွာတွေကို စစ်ကြောင်းထိုးလို့ ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေး
2023.09.30
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စက်တင်ဘာလ ၃၀ ရက် မနက်ပိုင်းမှာ ကျေးရွာ ငါးရွာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်နေတာကြောင့် အရပ်သားတစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက မနက် ၇ နာရီဝန်းကျင်ကစလို့ ဒီပဲယင်းမြို့အနောက်ဘက် တစ်မိုင်ကျော်အကွာက မဲသယ်ရွာကို စတင်ဝင်ရောက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီနောက် ယင်းဒွေး၊ လက်တီး၊ နဘဲလှနဲ့ နှောကုန်းရွာတွေကို ဆက်တိုက်စီးနင်းခဲ့တာလို့ ဒေသခံက ပြောပါတယ်။
"ဒီမနက် ဒီပဲယင်းမြို့ပေါ်ကနေ စထွက်တာပေါ့။ ရွာတွေကို ဆက်တိုက်ဝင်တာဆိုတော့ စစ်ရှောင်အခြေအနေက များတယ်ဗျ။ စထွက်ကတည်းက မဲသယ်ရွာ၊ ယင်းဒွေး၊ လက်တီး၊ နဘဲလှ၊ နှောကုန်းကို တောက်လျှောက်ဝင်တာ။ အခု ပျံကျရွာနား ရောက်နေတယ်"
စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ ရွာတွေအပါအဝင် အနီးနားက ခွန်တောင်း၊ ပုဂံ၊ ဝဘာ၊ အင်တန်း၊ တောကျောင်း၊ သပြေသာ၊ ငြိမ်းချမ်း၊ အောင်ချမ်းသာ၊ မှန်သာ စတဲ့ ရွာစုစုပေါင်း ၁၄ ရွာဝန်းကျင်က ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးနေကြတာလို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာလ ၈ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၂၀၀) ရှိလာပါပြီ။