ချောက်မြို့နယ်မှာ တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ခန့် ထွက်ပြေးနေရ
2024.07.25
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဇူလိုင်လ ၁၈ ရက်ကစလို့ ဇူလိုင်လ ၂၅ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့ကြောင့် ကံတိုင် (မြောက်) ရွာ၊ ကံတိုင် (တောင်) ရွာ နဲ့ ဆူးတောရွာက ဒေသခံနှစ်ထောင်ခန့် ထွက်ပြေးနေရပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့က ကံတိုင် (မြောက်) ရွာမှာ ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်၊ ပျူစောထီးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့သလို ဇူလိုင်လ ၂၀ ရက်မှာလည်း ဆူးတောရွာမှာ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် အင်အား တစ်ရာနီးပါးလောက်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ရွာတွေထဲဝင်ရောက်စီးနင်းခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကံတိုင် (မြောက်) ရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကြောင်းလည်း နီးနီးလေးရှိသေးတော့ အိမ်မပြန်ရဲဘူး။ အဲဒီနေ့ကဆို သေနတ်ဖောက် ရွာသူ၊ ရွာသားတွေကို နှင်ထုတ်ပြီး အိမ်တွေကပစ္စည်းတွေကို ကားနဲ့ တိုက်ယူသွားတယ်။ အခုထိ ဘယ်သူမှ မကပ်ရဲသေးဘူးဗျ"
ဒီအပြင် ကံတိုင် (မြောက်) ရွာက ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က ချောက်မြို့ကို ဖမ်းဆီးသွားပြီး အခုအချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ သူကပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေးမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။