တိုက်ပွဲကြောင့် ပခုက္ကူမြို့နယ် ကျေးရွာ ၁၄ ရွာက ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေး
2023.02.04

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီလ ၂ ရက်ကနေ ဖေဖော်ဝါရီလ ၄ ရက်အထိ ကျေးရွာ ၁၄ ရွာက အရပ်သားတစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
တန့်ကြည်ရွာ၊ လက်ပံချောင်းရွာ၊ မြို့စိုးရွာ၊ သီရိကြီးရွာ၊ သီရိလေးရွာ၊ ဆယ်လံရွာ၊ ပေါက်တောရွာ၊ အိုင်ကြီးရွာ၊ ကံကြီးစုရွာ၊ ညောင်လှရွာ၊ ညောင်နီပင်ရွာ၊ ကျွန်းချောင်းကလေးရွာ၊ အောင်မြေရွာနဲ့ ချမ်းသာကြီးရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲကြောင့် ပြေးလွှားနေရတာ သုံးရက်ရှိပြီလို့ သီရိလေးရွာက အသက် ၇၀ အရွယ် ဒေသခံတစ်ဦးက ပြောပါတယ်။
"အမေကြီးတို့က ပြေးနေရတာ သုံးရက်ရှိသွားပြီ။ ပြေးတုန်းက ရပ်ကွက်ဓမ္မာရုံတွေမှာ ပုန်းနေရတယ်။ တောထဲပြေးတဲ့သူတွေက ချမ်းလို့ မအိပ်နိုင်ဘူးတဲ့။ အကုန်လုံး ပြေးရတယ်။ တစ်ရွာလုံး မနေနိုင်ဘူး။ မနေရဲဘူး"
စစ်ဘေးဒုက္ခသည်တွေက ဧရာဝတီမြစ်တစ်ဘက်ကမ်း ညောင်ဦးမြို့နယ်ကို ပြေးလာပြီး နီးစပ်ရာဆွေမျိုးတွေနဲ့ ဘုန်ကြီးကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။ ထွက်ပြေးလာသူတွေ ထဲမှာ သက်ကြီးရွယ်အို၊ ကလေးနဲ့ အမျိုးသမီး အများစု ပါဝင်ပါတယ်။ လက်ရှိမှာတော့ စားသောက်နေထိုင်ရေးအတွက် အခက်အခဲ ဖြစ်နေတယ်လို့ သူတို့က ပြောပါတယ်။
စစ်ကောင်စီတပ်တွေက လူနေအိမ်တွေကို ချိုးဖျက်ဝင်ရောက်ပြီး တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဒုက္ခသည် ၁ ဒသမ ၂ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။