ဒုက္ခသည် ၅ဝ ကျော် နေရပ်ပြန်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှာ ယာယီကယ်တင်ထားတဲ့ လှေစီးဒုက္ခသည်တွေ ထဲက စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော စတဲ့မြို့နယ်တွေက လူ ၅၅ ဦးကို နေရပ် အသီးသီးကို ဒီနေ့ ပြန်လည်ပို့ဆောင်လိုက်ပါတယ်။

ဒီနေ့ညနေပိုင်းမှာပဲ ပို့ဆောင်လိုက်တာလို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။

"အခုပဲ ကျောက်တော်တို့ မင်းပြားတို့ဘက်ကိုသွားပြီ ကားနဲ့သယ်သွားပါပြီခင်ဗျ၊ အခုမှပဲ သယ်သွားတယ် ဟိုဘက်ကိုတော့ မရောက်သေးဘူး သွားနေကြတုန်းပဲ၊ ကျန်တဲ့ဟာတော့ ဘူးသီးတောင်နဲ့ မောင်တောဘက် ကပဲ ကျန်တော့တယ်၊ အဲ့ဘက်ကလူတွေအားလုံးက တောင်ပြိုတို့ဘာတို့က လွှဲပြီးသွားပြီ၊ အခု ဘူးသီးတောင် နဲ့ မောင်တောကလွှဲဖို့ သူတို့လုပ်နေကြတယ်၊ ဒီနေ့ကတော့ ကျနော်တို့ဘက်က စစ်တွေဘက်အခြမ်းကို အရင်ပို့တာပါ"

ဒီနေ့ ပြန်လည်ပို့ဆောင်လိုက်တဲ့ လူ ၅၅ ဦးဟာ စစ်တွေက ၂၇ ဦး၊ မြောက်ဦးနဲ့ မင်းပြားက ၁ ဦးစီ၊ ပေါက်တောက ၁၄ ဦးနဲ့ ကျောက်တော်က ၁၂ ဦးတို့ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် မြန်မာရေပိုင်နက်ထဲဖမ်းဆီးရမိတဲ့ လှေစီး ဒုက္ခသည် ၇ဝဝ ကျော်ထဲမှာ ရခိုင်ပြည်နယ်က မွတ်စလင် ၁၇၈ ဦးပါဝင်ပါတယ်။

အဲ့ဒီအထဲက ၅၅ ဦးကို ဒီနေ့ နေရပ်အသီးသီးကို ပြန်လည်ပို့ဆောင်လိုက်တာဖြစ်ပြီး ကျန်တဲ့ လူ ၁ဝဝ ကျော် ကိုတော့ သူတို့ရဲ့ မူလနေရပ်ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို ဆက်လက်ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်းက ဖမ်းဆီးရမိတဲ့ လှေစီးဒုက္ခသည် ၇ဝဝ ကျော်ထဲက ကျန်နေသေးတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၅၄ဝ ကျော်ကိုလည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ပြန်လည်ပို့ဆောင်နိုင်ဖို့ အစိုးရက ကြိုးပမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။