ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံ ရွာသားတွေ ဆက်လက်ထွက်ပြေး


2015.11.17
shan-refugees-taunggyi-620.jpg အစိုးရတပ်နဲ့ SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထွက်ပြေးလာကြတဲ့ စစ်ပြေးဒုက္ခသည်တချို့ကို နိုဝင်ဘာလ ၁၇ ရက်နေ့က တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းတိုက်မှာ တွေ့ရစဉ်
Photo: Khun Yazar/ RFA

ရှမ်းပြည်နယ် မိုင်းနောင်၊ မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တွေမှာ အစိုးရတပ်နဲ့ SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးနေကြတဲ့ စစ်ဘေး ဒုက္ခသည်တွေထဲက တစ်ရာနီးပါးဟာ ဒီနေ့ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်က ဝေဠုဝန်ကျောင်းတိုက်ကို ရောက်ရှိနေပါတယ်။

နောက်ထပ် ဒုက္ခသည် ၄၀၀ လောက်ထပ်ရောက်လာဖို့ရှိတယ်လို့ ဝေဠုဝန် ကျောင်းတိုက်မှာ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ တောင်ကြီးမြို့ခံ ဦးစိုင်းမောင် က ပြောပါတယ်။

လက်ရှိ ဝေဠုဝန်ကျောင်းတိုက်မှာ ၁၈ နှစ်အောက်ကလေး ၃၅ ဦးနဲ့ လူကြီး ၆၀နီးပါး ရောက်ရှိနေတာဖြစ်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ တောင်ကြီးမြို့အပြင် လားရှိူး၊ လွိုင်လင်၊ မိုင်းရယ် စတဲ့ မြို့နယ်တွေကိုလည်း ထွက်ပြေးတိမ်းရှောင်နေကြပြီး စာရင်းအရ ထွက်ပြေးတိမ်းရှောင် သူ တစ်သောင်းနီးပါးရှိနေပြီဖြစ်ပါတယ်။

ဒီအတောအတွင်း ကချင်ပြည်နယ် မိုးညှင်းမြို့အနီး အခုရက်ပိုင်းဖြစ်ပွားနေတဲ့ တိုက်ပွဲ ကြောင့် မိုးညှင်းမြို့ပေါ်ရှိစာသင်ကျောင်းတွေ ဒီနေ့ ပိတ်ထားရတယ်လို့ သိရပါတယ်။

မိုးညှင်းမြို့ရဲ့ ၂မိုင်အကွာရှိ အရှေ့ဘက် တောင်ကြောတွေပေါ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်မဟာ ၈ လက်အောက်ခံတပ်တွေအကြား ၂ ရက် ကြာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မိုးညှင်းမြို့ပေါ်ရှိ စာသင်ကြောင်းတွေ ဒီနေ့ ပိတ်ထားရတယ်လို့ မိုးညှင်းမြို့ခံ ကျောင်းသားမိဘတစ်ဦးက RFA ကို ပြောပါတယ်။

စစ်ပွဲကြောင့်နယ်စပ်ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေနဲ့ ဒေသတွင်း အိုးမဲ့အိမ်မဲ့ ထွက်ပြေးပုန်းအောင်းနေကြရတဲ့ IDPs ဒုက္ခသည် ဆိုင်ရာ မူဝါဒရေးရာချမှတ်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ လူမှုအဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေဟာ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။