နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသန်းခွဲနီးပါးရှိလာကြောင်း UNOCHA ပြော

RFA Burmese
2024.11.27
နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသန်းခွဲနီးပါးရှိလာကြောင်း UNOCHA ပြော ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ တိုက်ပွဲအတွင်း မိုးမောက်မြို့နယ်ဘက်သို့ ထွက်ပြေးရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

မြန်မာနိုင်ငံတစ်ဝန်းမှာ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ၊ စစ်ဆင်ရေးတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ သုံးသန်းခွဲနီးပါးအထိ စံချိန်တင် များပြားလာနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာ ၂၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။

မရပ်မနားဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေပါ မြင့်တက်နေပြီး အရပ်သား ကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်တွေနဲ့အတူ လူသားချင်းစာနာမှု အကျပ်အတည်းဟာလည်း ဆက်လက်ဆိုးဝါးနေဆဲပဲလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့က စစ်ဘေးဒုက္ခသည်တစ်ဦးက မိုးမောက်မြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက သိမ်းပိုက်ထားပေမဲ့ စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ် ဆင်နေတာကြောင့် ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။

“မိုးမောက်က သိမ်းပြီးလည်း တိုက်ပွဲဆက်ဖြစ်လည်း ပြည်သူတွေပြန်လို့မရသေးဘူး။ ဟိုနေ့က ပစ်ခံရတဲ့ ကုန်းလောက ဘုရားကျောင်းမှာလည်း အခုဘယ်သူမှ မနေတော့ဘူး။ အရင်ကတော့ မိုးမောက်က စစ်းဘေးဒုက္ခသည်တွေနေတယ်။ အခုကတော့ အကုန်လုံခြုံမယ်ဆိုတဲ့ တောတောင်တွေ၊ ရွာတွေမှာ နေ နေကြတယ်။ အခက်အခဲကတော့အများကြီးပဲ။ အကူအညီတွေလည်း မရဘူး”

ဆောင်းတွင်းကာလ ရောက်လာပြီဖြစ်လို့ အနွေးထည်၊ စောင်နဲ့ ဆေးဝါးအကူအညီတွေကအစ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံက လက်နက်ကိုင်တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး လက်ရှိအချိန်မှာ တိုင်းနဲ့ ပြည်နယ် ၁၅ ခုအနက် ၁၂ ခုမှာ တိုက်ပွဲဒဏ်ကို ခံနေရတယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပဋိပက္ခမှာပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်တွေကို အဟန့်အတားမရှိ ခွင့်ပြုပေးရမှာဖြစ်ပြီး၊ အရပ်သားပြည်သူတွေဆီ လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေရောက်ရှိဖို့ ရှုပ်ထွေးတဲ့ကန့်သတ်ချက်တွေ ဖယ်ရှားပေးရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။