တိုက်ပွဲများကြောင့် စာမေးပွဲဖြေမည့် ကျောင်းသား နည်းပါး

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကောင်လွင်ကျေးရွာမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား မကြာခဏ တိုက်ပွဲဖြစ်တာကြောင့် ကျေးရွာသားတွေ ထွက်ပြေး ကြတဲ့အတွက် အဲဒီကျေးရွာက မူလတန်းလွန်ကျောင်း မှာ ကျောင်းသူ ကျောင်းသား ၁၀၀ ကျော်လောက်သာ ရှိတော့ကြောင်း ကောင်လွင်ကျေးရွာ ကျောင်းအုပ် ဆရာမကြီးက RFA ကို ပြောပါတယ်။

ကောင်လွင်ကျေးရွာ မူလတန်းလွန်ကျောင်းဟာ သူငယ်တန်းကနေ သတ္တမတန်းအထိ သင်ကြားပေးနေ တာပါ။ တိုက်ပွဲဖြစ်ရင် ကျောင်းနားမှာပဲ ဖြစ်တာများ တဲ့အတွက် ကလေးတွေလည်း ကျောင်းမတက် နိုင်တော့ဘဲ လာမယ့် ဖေဖေါ်ဝါရီလကုန်ပိုင်း မှာ ပြုလုပ်မယ့် အတန်းတင်စာမေးပွဲ ကို ဖြေဆိုမယ့် ကျောင်းသားတွေလည်း နည်းသွားပြီလို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းကြည် က ပြောပြပါတယ်။

"ကျောင်းကဒီနေ့မှ စဖွင့်ရတယ်၊ တိုက်ပွဲမဖြစ်ခင်တုန်းက ၂၇၁ ယောက်ပေါ့၊ အခုကျတော့ ၁၇ဝ လောက်ပဲရှိတော့တယ်၊ အခုအခြေအနေကတော့ ကလေးတွေကို မနည်းကြီးစုနေကြတာ၊ တောကြိုတောကြား လယ်တောကြားပေါ့နော်၊ တိုက်ပွဲက အပြင်းအထန်ဖြစ်တာ၊ အခက်အခဲဆုံးက သူငယ်တန်းကလေးတွေ၊ တချို့ကလေးတွေဆို ကျောင်းမနေပဲနဲ့ မိဘသွားလေရာနောက် လိုက်နေကြရတာ"

အဲ့ဒီကျေးရွာမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းပိုင်းက အစိုးရနဲ့ ကေအိုင်အေတပ်တွေ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ခဲ့ပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ထပ်မံတိုက်ပွဲဖြစ်ခဲ့ပါတယ်။ ကျေးရွာသားတွေဟာ စီခမ်းကြီး၊ ဗန်းမော်၊ မန်စီ စတဲ့မြို့တွေဘက် ထွက်ပြေးကြသူတွေရှိသလို တောတွေထဲမှာ ပုန်းရှောင်နေသူတွေလည်း ရှိပါတယ်။