ဖမ်းဆီးထားတဲ့ ထိုင်းရေလုပ်သား လေးဦးကို စစ်ကောင်စီ ပြန်လွှတ်

RFA Burmese
2024.12.06
ဖမ်းဆီးထားတဲ့ ထိုင်းရေလုပ်သား လေးဦးကို စစ်ကောင်စီ ပြန်လွှတ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာ့ရေပိုင်နက်မှာ ဖမ်းဆီးခဲ့သည့် ထိုင်းရေလုပ်သား လေးဦး (အနီဖြင့်ကွင်းပြထား) အား တွေ့ရစဉ်။
Facebook/ กองทัพเรือ Royal Thai Navy

နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာ့ရေပိုင်နက်မှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းရေလုပ်သား လေးဦးကို စစ်ကောင်စီက ပြန်လွှတ်လိုက်ပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြောင်း AFP သတင်းက ဒီဇင်ဘာလ ၅ ရက်နေ့ ဖော်ပြခဲ့ပါတယ်။

ထိုင်းအစိုးရရဲ့ ကြေညာချက်အရ ထိုင်းငါးဖမ်းလှေတွေဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာရေပြင်ပိုင်နက် လေးမိုင်ခန့်ကို ရောက်ရှိခဲ့ပြီးနောက် ပစ်ခတ်ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာရေတပ်ရေယာဉ်တစ်စီးဟာ ငါးဖမ်းလှေတွေက မြန်မာနိုင်ငံသား ၂၇ ဦးနဲ့ ထိုင်းနိုင်ငံသား လေးဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ အတည်ပြုထားပါတယ်။

စစ်ကောင်စီဘက်က ထိုင်းနိုင်ငံသား လေးဦးကို ပြန်လည်လွှဲပြောင်းပေးဖို့အတွက် ထိုင်း-မြန်မာနယ်စပ်ကို ခေါ်ဆောင်လာပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိကွန်ဒဲ ဘာလင်ကူ (Nikorndej Balankura) က သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းရေလုပ်သားတွေ ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ဒီဇင်ဘာလ ၂ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့သလို ရန်ကုန်မှာရှိတဲ့ ထိုင်းသံအမတ်ကိုလည်း နေပြည်တော်ကို စေလွှတ်ခဲ့ပြီးနောက်မှာ အခုလို ပြန်လည်လွတ်မြောက်လာတာပါ။

စစ်ကောင်စီလက်ထဲမှာ ကျန်ရှိနေသေးတဲ့ မြန်မာရေလုပ်သား ၂၇ ဦးရဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးသလို ဘယ်တော့ပြန်လွှတ်ပေးမယ်ဆိုတာကိုလည်း စစ်ကောင်စီက မထုတ်ပြန်ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။