လားရှိုးမှာ စစ်သုံ့ပန်း မိသားစုဝင် သုံးရာခန့် ပြန်လွှတ်ပေး
2024.08.07
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းမိသားစုဝင် (တပ်မိသားစုဝင်) သုံးရာခန့်ကို ဩဂုတ်လ ၆ ရက်နေ့ကစလို့ ကိုးကန့်တပ်မတော် (MNDAA) က ပြန်လွှတ်ပေးနေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေက RFA ကို ပြောပါတယ်။
RFA ကို ပေးပို့လာတဲ့ ရုပ်သံမှတ်တမ်းတွေအရ ပြန်လွှတ်ပေးတဲ့အထဲ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တာ တွေ့ရပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ RFA ရဲ့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးကတော့ စစ်သုံ့ပန်း မိသားစုဝင်တွေကို နေ့စဉ် ပြန်လွှတ်ပေးမှာဖြစ်ပြီး စစ်သုံ့ပန်း (စစ်ကောင်စီတပ်သား) တွေကိုတော့ ဆက်လက်ဖမ်းဆီးထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“စစ်သုံ့ပန်းမိသားစုဝင်တွေကိုတော့ ပြန်လွှတ်ပေးလိုက်ပါပြီ။ နေ့တိုင်းပြန်လွှတ်ပေးမှာပါ။ စစ်ကောင်စီတပ်သားတွေကိုတော့ စစ်သုံ့ပန်းဥပဒေအရ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်”
အရှေ့မြောက်တိုင်းတိုင်းစစ်ဌာနချုပ် သိမ်းပိုက်မှုမှာ ဖမ်းဆီးခံရတဲ့အထဲ စစ်သုံ့ပန်းမိသားစုဝင် အရေအတွက် ဘယ်လောက်ရှိလဲဆိုတာတော့ သူက မပြောပါဘူး။
လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဩဂုတ်လ ၃ ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ပြီးနောက် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနဲ့ ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့လည်း ဖမ်းဆီးခံထားရပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရာရှိနဲ့ မိသားစုဝင် လေးထောင်ကျော် အလံဖြူထောင်ပြီး လက်နက်ချခဲ့တယ်လို့ မြေပြင်စစ်ရေးအခြေအနေ သိသူတွေက ပြောဆိုထားပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေ ပြန်လွှတ်ပေးတဲ့အခြေအနေနဲ့ ပတ်သက်လို့ ကိုးကန့်တပ်မတော် (MNDAA) ပြောခွင့်ရသူ လီကျားဝင်း(ခေါ်) ကိုကျော်နိုင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ထားပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။