ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်နိုင်ငံအဖြစ် မြန်မာ သတ်မှတ်ခံရ


2014.04.30
meikhtila-305 မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်း မိတ္ထီလာမြို့၊ မင်္ဂလာဇေယျုံ ရပ်ကွက်ရှိ လူနေအိမ်များ မီးလောင်ကျွမ်းနေစဉ် မြင်တွေ့ရပုံ
photo: RFA/ Win Naung Toe

အမေရိကန်အစိုးရက ဖွဲ့စည်းထားတဲ့  USCIRF ခေါ် နိုင်ငံတကာ ဘာသာရေးလွတ်လပ် ခွင့် ကော်မရှင် ရဲ့ ၂ဝ၁၄ ခုနှစ် အစီရင်ခံစာကို မနေ့ကထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံ ဟာ အထူး စိုးရိမ်ဖွယ် အခြေအနေမှာရှိတဲ့ နိုင်ငံစာရင်းထဲမှာ ပါဝင်နေပါတယ်။

ကော်မရှင်က လေ့လာစုံစမ်းခဲ့တဲ့ နိုင်ငံပေါင်း ၃၃ နိုင်ငံ ကိုအဆင့် ၃ ဆင့် ခွဲထားရာမှာ အဆင့် (၁) မှာ အထူး စိုးရိမ်ဖွယ် အခြေအနေမှာရှိတဲ့ နိုင်ငံတွေနဲ့  အဆင့် (၂)  စိုးရိမ်ဖွယ်နိုင်ငံတွေ၊ ဆွေးနွေးစရာရှိတဲ့ နိုင်ငံတွေ အဖြစ် သတ်မှတ်ထားပါတယ်။

အဲသလို သတ်မှတ်ရာမှာ ဘာသာရေး အကြမ်းဖက် မှုတွေဟာ စနစ်တကျဖြစ်တယ်၊ မကြာခဏ စဉ်ဆက် မပြတ် ဖြစ်ပေါ်နေတယ်၊ အင်မတန်မှလည်း ရက်စက် ကြမ်းကြုတ်တယ်၊ အဲဒီ အကြမ်းဖက်မှုတွေမှာ အစိုးရ ကိုယ်တိုင်ပါဝင်တာ၊ ဒါမှမဟုတ် အရေးမယူ မသိကျိုးကွံျပြု ထားတာတွေ တွေ့ရှိရတယ်ဆိုတဲ့ နိုင်ငံတွေ ကို အထူးစိုးရိမ်ဖွယ် အခြေအနေမှာရှိတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ထားပါတယ်။

၂ဝ၁၄ ခုနှစ်အတွက် အဲဒီ နိုင်ငံတွေစာရင်းမှာ မြန်မာ၊ တရုတ်၊ အီရစ်တီးရား၊ အီရန်၊ မြောက်ကိုရီးယား ၊ ဆော်ဒီအာရေဗျ၊၊ ဆူဒန် နဲ့ ဥဇဘက်စတန်၊ အီဂျစ်၊ အိရတ်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆီးရီးယား၊ တာဂျစ်ကစ္စတန်၊ တာ့မင်နီစတန် နဲ့ ဗီယက်နမ် နိုင်ငံတွေ ပါဝင်ကြပါတယ်။

စိုးရိမ်ဖွယ်နိုင်ငံတွေ မှာတော့ အကြမ်းဖက်မှုတွေမှာ အစိုးရ ကိုယ်တိုင်ပါဝင်တာ၊ ဒါမှမဟုတ် အရေးမယူ မသိကျိုး ကျွံပြု ထားတာတွေ တွေ့ရှိရပြီး၊ စနစ်ကျတာ၊မကြာခဏဖြစ်တာ၊ ရက်စက်ကြမ်းကြုတ်တာ ဆိုတဲ့ သုံးမျိုးထဲက တစ်မျိုးမျိုး ရှိနေတဲ့ နိုင်ငံတွေကိုသတ်မှတ်ပါတယ်။

အဲဒီ စာရင်းမှာ အာဖဂန်နစ္စတန်၊ အဇာဘိုင်ဂျန်၊ ကျုးဘား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကာဇက်ကစ္စတန်၊ လာအို၊ မလေးရှား၊ ရုရှ နဲ့ တူရကီ နိုင်ငံတွေ ပါဝင်ကြပါတယ်။

ဆွေးနွေးစရာ အခြေအနေရှိတဲ့ နိုင်ငံတွေ နဲ့ ဒေသစာရင်းမှာတော့ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လာရုစ်၊ ဗဟိုအာဖရိက၊ အီသီယိုးးပီးယား၊ ကာဂျစ်ကစ္စတန်၊ သီရိလင်္ကာ နဲ့ အနောက်ဥရောပ တို့ပါဝင်ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် နဲ့ ဒေသတချို့မှာ မူဆလင်တွေနဲ့ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့သလို၊ ကချင်ပြည် နယ် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ခရစ်ယန်ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေရှိနေတယ် လို့ အစီရင်ခံစာက ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။