တော်လှန်ရေးအင်အားစုတွေနဲ့ တရားဝင်တွေ့ဆုံဖို့ အိန္ဒိယကို အရပ်ဘက်အဖွဲ့တွေ တောင်းဆို

RFA Burmese
2024.12.05
တော်လှန်ရေးအင်အားစုတွေနဲ့ တရားဝင်တွေ့ဆုံဖို့ အိန္ဒိယကို အရပ်ဘက်အဖွဲ့တွေ တောင်းဆို လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှ အာဆီယံ ထိပ်သီးညီလာခံတက်ရောက်နေသည့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Tang Chhin Sothy / POOL / AFP

အိန္ဒိယအစိုးရအနေနဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းနေရာမှာ တော်လှန်ရေးအင်အားစုတွေနဲ့ တရားဝင်တွေ့ဆုံဖို့ တိုက်တွန်းကြောင်း အရပ်ဘက်အဖွဲ့အစည်းလေးခုက ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

India For Myanmar၊ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ (BMC)၊ လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု (GSCN)နဲ့ မြန်မာ့ဒီမိုကရေစီကာကွယ်ရေး (Defend Myanmar Democracy-DMD) အဖွဲ့တို့က ပူးပေါင်းတောင်းဆိုလိုက်တာပါ။

မြန်မာပြည်တွင်းပဋိပက္ခဖြေရှင်းရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အိန္ဒိယအစိုးရက အလေးထားစဉ်းစားပြီး သက်ဆိုင်ရာခေါင်းဆောင်တချို့နဲ့ စတင်စကားပြောလာတဲ့အပေါ် ကြိုဆိုထောက်ခံတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီအပါအဝင် စစ်ကောင်စီနဲ့ နီးစပ်တဲ့အဖွဲ့အစည်းတွေကို တရားဝင်ဖိတ်ကြားတွေ့ဆုံပြီး တော်လှန်ရေးအင်အားစုတချို့ကို တရား၀မင်နည်းလမ်းနဲ့တွေ့ဆုံတာက မှားယွင်းတဲ့ ချဉ်းကပ်မှုလို့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြပါတယ်။

ဒါကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့အကြား မျှတတဲ့ဆက်ဆံရေးမူကို မဖြစ်မနေ လိုက်နာကျင့်သုံးဖို့အတွက် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေ၊ အာရက္ခတပ်တော် (AA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ချင်းညီနောင်တပ်ဖွဲ့စတဲ့ အဖွဲ့တွေနဲ့ နိုဝင်ဘာလကုန်ပိုင်းက ပဏာမ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။