ရခိုင်အရပ်သား လေးဦး ပြန်လွတ်ဖို့ မိသားစုဝင်တွေ တပ်ကိုတောင်းဆို


2020.10.05

ရခိုင်ပြည်နယ် စစ်တွေနဲ့ တောင်ကုတ်မြို့နယ်တွေမှာ အောက်တိုဘာ ၄ ရက်နေ့ မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး အပါအဝင် အရပ်သား လေးဦးကို တပ်မတော်က ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ရွာမှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ သူတွေဖြစ်တဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကို မိသားစုဝင်တွေက တောင်းဆိုနေပါတယ်။

စစ်တွေမြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆ဝ ကျော်ကလည်း ဖမ်းထားတဲ့ အုပ်ချုပ်ရေးမှူး လွတ်မြောက်ရေး အတွက် မနေ့က တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ စစ်တွေမြို့နယ် တောကန်ကျေးရွာက အသက် ၃၇ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းကျော်လှိုင်၊ သိန်းတန်ကျေးရွာက အသက် ၄၄ နှစ်အရွယ် ဦးကျော်မောင်၊ ဦးဝင်းဌေး၊ တောင်ကုတ်မြို့နယ် ပဒါကျေးရွာက အသက် ၃၁ နှစ်အရွယ် ဦးညီမောင်ချေတို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ တစ်ရက်နေ့က စစ်တွေမြို့နယ် သိန်းတန်ကျေးရွာမှာ အိမ်ထောင်စုစာရင်း စစ်ဆေးအပြီး တပ်မတော်သား ခုနှစ်ဦးက ရွာထဲကနေ ဖမ်းဆီးသွားတဲ့ ဦးကျော်မောင်နဲ့ ဦးဝင်းဌေးတို့ကို ဒီနေ့အထိ တွေ့ခွင့် မရသေးတဲ့တွက် မိသားစုဝင်တွေ သောကရောက်နေကြတယ်လို့ ဦးကျော်မောင်ရဲ့ ယောက်ဖဖြစ်သူ ဦးအောင်သိန်းဦးက RFA ကိုပြောပါတယ်။

“မနေ့ကတွေ့ဖို့သွားတော့ တွေ့မရသေးဘူးလို့ သူတို့ပြောတာပဲ။ နောက်တစ်ပတ် တစ်ဆယ်ကိုးရက်လောက် နေမှ တွေ့လို့ရမယ်လို့ ပြောတယ်။ စိုးရိမ်တာပေါ့။ အဲဒီရဲစခန်းကို ရောက်ပြီးမှမတွေ့ရတော့ နည်းနည်းစိုးရိမ် တာပေါ့နော်။ ပြောသံကြားတာတော့ သူတို့ ရိုက်ပြီးမေးမြန်းထားတော့ သူတို့ရိုက်တာလွန်သွားလို့ မျက်နှာတွေမှာ ဖူးရောင်သွားတယ်လို့ကြားတာပဲ။ အဲဒါကြောင့် တွေ့ခွင့်မပေးတာဆိုပြီး စိုးရိမ်တယ်။ တောင်းဆိုချင်တာကတော့ စိစစ်ပြီးလို့ အပြစ်မရှိရင် အမြန်ဆုံး ပြန်လွှတ်စေချင်တာပေါ့။ မိသားစုတွေ အကုန်လုံး စိုးရိမ်နေကြတယ်။ သူ့မိန်းမဆိုရင်လည်း ခေါင်းတွေကိုက်လို့ ရပ်တောင်မရပ်နိုင်တော့ဘူး။”

ဖမ်းဆီးခံရတဲ့ ဦးကျော်မောင်ဟာ သုံးဘီးဆိုင်ကယ် မောင်းနေသူတစ်ဦးဖြစ်သလို ဝင်းဌေးဟာလည်း လက်သမားအလုပ်ကို လုပ်ရင်း မိသားစုနဲ့အတူ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသူတွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

သူတို့ နှစ်ဦးကို လက်ရှိ စစ်တွေမြို့ အမှတ် (၂) ရဲစခန်းမှာ ထိန်းသိမ်းထားတာပါ။

အဲဒီလိုပဲ စစ်တွေမြို့နယ် တောကန်ကျေးရွာမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့က တပ်မတော် စစ်ကြောင်းတစ်ခုက ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းကျော်လှိုင်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သူ့ရဲ့ ယောက်ဖဖြစ်သူ ဦးကျော်သန်းက ပြောပါတယ်။

“အောက်တိုဘာလ ၃ ရက်နေ့ နေ့လယ်က စစ်ကြောင်းက ရွာထဲကိုဝင်လာပြီး အိမ်ထောင်စုစာရင်းတွေ စစ်တယ်။ စစ်လို့အကုန်လုံးပြီးပြီ။ သူတို့က ရွာကထောက်ခံချက် တောင်းတယ်။ စစ်တပ်က ရွာမှာ ဘာမှမလုပ်ခဲ့ဘူး။ ဘာမှ မယူခဲ့ဘူး။ ဘာမှအကြမ်းဖက်မှု မလုပ်ခဲ့ဘူး ဆိုပြီးတော့ တံဆိတ်တုံး လာထုတဲ့ အချိန်မှာ ထမင်းစားတယ်။ ထမင်း စားတဲ့အချိန်မှာ တပ်သားတစ်ယောက်က လာခေါ်တယ်။ ဗိုလ်ကြီး ခေါ်ခိုင်းတယ် ဆိုပြီးတော့။ အဲဒီမှာ သူပါသွားတယ်။ သူကလည်း ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သက်ဘူး။ မြို့နယ်ကပေးထားတဲ့ အုပ်ချုပ်ရေးမှူးတာဝန်ကို သူ့ဟာသူ လုပ်နေတာ။ သူ့ကို ဘာကြောင့်ခေါ်သွားတယ်၊ ဘာအမှုနဲ့ ဖွင့်ထားတယ်ဆိုတာကို အခုချိန်ထိ မသိရဘူး။ စစ်ဆေးဖို့ဆိုပြီးတော့ ခေါ်သွားတာ။ အခုသူ့ဆီမှာ ဘာမှ အပြစ်မရှိဘူးပေါ့နော်။ ဆိုတော့ သူ့ကို ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးစေချင်တယ်။”

အဲဒီ တောကန်ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း စစ်တွေမြို့ အမှတ် (၂) ရဲစခန်းမှာပဲ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

စစ်တွေမြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ကျော်က မနေ့က နေ့လယ်ပိုင်းမှာ စစ်တွေမြို့ စုပေါင်းရုံးကို သွားရောက်ပြီး အဖမ်းခံထားရတဲ့ အုပ်ချုပ်ရေးမှူးကို ပြန်လွှတ်ပေးရေး၊ အပြစ်ရှိရင်လည်း တရားဥပဒေအတိုင်း ဆောင်ရွက်ပေးရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

တောင်ကုတ်မြို့နယ် ပဒါကျေးရွာမှာလည်း  အောက်တိုဘာ ၁ ရက်နေ့က စစ်သားတွေ ရွာထဲဝင်လာပြီး ဦးညီမောင်ချေဆိုသူကို ဖမ်းဆီးသွားခဲ့ပါတယ်။

ဖမ်းဆီးသွားပြီးနောက်ပိုင်း အဆက်အသွယ် မရတဲ့အတွက် မိသားစုက စိုးရိမ်နေပြီး အမြန်ဆုံး ပြန်လွှတ် ပေးစေချင်တယ်လို့ ဦးညီမောင်ချေရဲ့ဇနီး ဒေါ်ရီရီသိန်းက တောင်းဆိုပါတယ်။

“ဥက္ကဋ္ဌနဲ့ စစ်သား ၁၀ ယောက်လောက်ဟာ အိမ်ထဲကိုလာတယ်။ အကို စစ်ဆေးမေးမြန်းစရာရှိလို့တဲ့ ခဏ လိုက်ခဲ့တဲ့။ အိမ်ထဲကို ဝင်မွှေတယ်။ သားသမီးကျောင်းတက်ဖို့ ဝယ်ထားတဲ့ စာအုပ်တွေကိုလည်း အားလုံးယူသွားတယ်။ ငါးစာရင်း ရေးထားတဲ့စာအုပ်ကိုလည်း ယူသွားတယ်။ အဲဒီ အောက်တိုဘာ ၁ ရက်နေ့ကပင် ပဒါဘုန်းကြီးကျောင်းတောင်ကို ခေါ်သွားတယ်။ အဲဒီကနေပြီးတော့ နှစ်နာရီလောက်မှာ ကားလမ်းကို ခြေလျင်ခေါ်ပြီးတော့ မျက်နှာကိုဖုံးပြီး ကားလမ်းကို ခေါ်ယူသွားတယ်။ အခု သူတို့ ဖမ်းဆီး ထားတာက အမ်းမှာလို့ ပြောတယ်။ စိုးရိမ်တာပေါ့။ အိမ်ထောင်ဦးစီးတစ်ယောက် အိမ်မှာ မရှိလို့ရှိရင် ဒီသားသမီးစားဝတ်နေရေးက အစ ကိုယ့်လုံခြုံမှုကအစ ဘယ်လိုမှ အဆင်မပြေဘူး။ သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်။”

ဖမ်းဆီးခံထားရတဲ့ ဦးညီမောင်ချေမှာ အသက်လပိုင်းအရွယ် သမီးလေးတစ်ဦးနဲ့ သုံးနှစ်အရွယ် သားတစ်ဦးရှိပြီး တံငါအလုပ်ကို လုပ်ရင်း မိသားစုကို ကျွေးမွေးစောင့်ရှောက်နေသူဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဖမ်းဆီးရသူတွေ ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုတာနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ နေ့လယ်ပိုင်းကစပြီး ဆက်သွယ်ရာမှာ ညနေ ၅ နာရီအထိ မေးမြန်းလို့ မရသေးပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖေ့ဘွတ်စ်ကနေ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က ဖမ်းဆီးခံရတဲ့ စစ်တွေမြို့နယ် သိန်းတန်းကျေးရွာသား နှစ်ဦးနဲ့ တောင်ကုတ်မြို့နယ် ပဒါကျေးရွာသား တစ်ဦးဟာ AA အဖွဲ့ကို ဆက်ကြေးနဲ့ ရိက္ခာတွေ ကောက်ခံပြီး ပို့ဆောင်နေသူတွေဖြစ်ကြောင်း အထောက်အထား တွေနဲ့ ဖမ်းဆီးမိခဲ့တယ်လို့ မနေ့က အောက်တိုဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီဖမ်းဆီးရမိထားတဲ့သူတွေကိုလည်း သက်ဆိုင်ရာဌာနတွေကို လွှဲပြောင်းအပ်နှံထားပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အုပ်ချုပ်ရေးမှူး ဦးသန်းကျော်လှိုင်ကို ဖမ်းဆီးထားတဲ့ကိစ္စကိုတော့ တပ်မတော်က ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် တပ်မတော်က ဖမ်းဆီးထားသူ လေးဦးဟာ AA အဖွဲ့နဲ့ ပတ်သက်မှုမရှိကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ AA အဖွဲ့ဝင် ဒါမှမဟုတ် AA အမာခံတွေဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးတာ (၂၀၀) ကျော်လောက်တယ်လို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

အဲဒီလိုတပ်မတော်က ဖမ်းဆီးထားချိန်မှာ ရိုက်နှက်ခံရလို့ ဒဏ်ရာတွေနဲ့ ပြန်လွတ်မြောက်လာသူတွေ ရှိသလို စစ်ကြောရေးကာလအတွင်းမှာပဲ သေဆုံးသွားတဲ့သူတွေလည်း ရှိပါတယ်။

RFA က စုဆောင်းရရှိထားတဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂ဝ၁၉ နှစ်ဆန်းပိုင်း ကနေ ဒီနေ့အထိ တစ်နှစ်ကျော်ကာလအတွင်း စစ်ကြောရေးစခန်းမှာ ဖမ်းဆီးထားစဉ် သေဆုံးသူ ၃၁ ဦးအထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။