တိုင်းဝန်ကြီးကို ပါတီဝင်အဖြစ် ထုတ်ပယ်ဖို့ ပါတီဗဟိုထံ တင်ပြ

2018-02-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်ကို မြင်ရစဉ်
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်ကို မြင်ရစဉ်
Photo: RFA

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ဖို့ အတွက် ကဝမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဌာနချုပ်ထံ တင်ပြထားပါတယ်။

ဝန်ကြီး ဦးညွန့်ရွှေဟာ ပါတီနဲ့ ကင်းကွာနေတဲ့အတွက် ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ဖို့ မြို့နယ် အလုပ်အမှုဆောင် အဖွဲ့က ပါတီဌာနချုပ်ကို တင်ပြထားတာဖြစ်တယ်လို့ ကဝမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင် က ပြောပါတယ်။

"လောလောဆယ်တို့ သူတို့ ပါတီကနေ ထုတ်ဖို့ လုပ်ထားတယ်ဗျ။ ဒါပေမဲ့ အတည်ပြု ချက်တော့ မဖြစ်သေးပါဘူး။ ဗဟိုကို  တင်ထားတာရှိသေးတယ်။ ဗဟိုက ပြန်ဆိုင်းငံ့ထားတဲ့သဘောဗျ။ မြို့နယ်  အလုပ်အမှုဆောင်အဖွဲ့ ကတော့ သူတို့ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့နဲ့  ကင်းကွာတယ်လို့ ပြောတယ်ပေါ့"

ဝန်ကြီး ဦးညွန့်ရွှေကို ပါတီကနေ ထုတ်ပယ်ဖို့အတွက် ကဝမြို့နယ် အလုပ်အမှုဆောင်အဖွဲ့က ပါတီဗဟိုကို တင်ပြထားတာ ၂ လဝန်းကျင် ကြာမြင့်နေပြီဖြစ်တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ ဝန်ကြီး ဦးညွန့်ရွှေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ပဲခူးတိုင်းဒေသကြီးမှာ ဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်အချို့ကို နုတ်ထွက်ပေးဖို့အတွက် ဆန္ဒပြမှုတွေ လည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ပဲခူးတိုင်း ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့အတွက် ပဲခူးမြို့မှာ လူ ၁၀၀ ကျော်က ဆန္ဒပြခဲ့ပြီး အဲဒီအထဲမှာ NLD ပါတီဝင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့