ဒုက္ခသည်စာရင်းမှာ အကြမ်းဖက်အဖွဲ့ဝင်တွေ ပါ မပါ စစ်ဆေးမည်


2018.02.20
bangladesh-muslim-refugees-622.jpeg ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်စခန်းက ဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: AFP

ဘင်္ဂလားဒေ့ရှ်က ပြန်ပို့မယ့် လူဦးရေ ၈ ထောင်ကျော်စာရင်းမှာ အကြမ်းဖက်အဖွဲ့ဝင်တွေ ပါဝင်မှု ရှိ၊ မရှိကို ပြည် ထဲရေးဝန်ကြီးဌာနက စစ်ဆေးနေပြီး အကြမ်းဖက်အဖွဲ့ဝင်တွေမပါကြောင်း အတည်ပြုပြီးမှသာ အမှန်တကယ်နေ ထိုင်ခဲ့ဖူးသူတွေဟုတ်၊ မဟုတ်ဆိုတာကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဆက်လက်စစ်ဆေး သွားမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ဒီနေ့ ပြောပါတယ်။

နှစ်ခုက စစ်ဆေးပြီးတဲ့ စာရင်းကို  ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြပြီး လက်ခံရေးအစီအစဉ်တွေ ဆောင်ရွက် မှာဖြစ်တယ်လို့ ဦးမြင့်ကြိုင် က ပြောပါတယ်။

"ပြည်ထဲရေးက စစ်တာတော့ အကြမ်းဖက်သမားကို စစ်တာပါ။ အဲ့တာဝန်က နှစ်ခုခွဲထားပါတယ်။ ကျနော်တို့ ကတော့ မြန်မာနိုင်ငံထဲမှာ နေထိုင်ခဲ့တယ်ဆိုတာကို ကျနော်တို့ကစစ်ပြီး အတည်ပြုပြီး အစိုးရအဖွဲ့ကို တင်မယ်။ အစိုးရအဖွဲ့ကနေ အဲတဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ကို အကြောင်းကြားမယ်။ အကြောင်းကြားပြီးတော့ ဟိုဘက်က ပြန်အကြောင်းကြားပြီး ဝင်လာမယ်။ အဲ့လိုလုပ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ အမှန်တကယ်နေထိုင်ခဲ့ဖူးသူတွေ ဟုတ်၊ မဟုတ်ကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက စစ်ဆေးတဲ့အခါ အရင်ကောက်ယူထားပြီးသား အိမ်ထောင်စုစာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးရမှာဖြစ်တဲ့အတွက် အချိန်တိုအတွင်း ပြီးစီးအောင်လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေကို ပြန်လည်လက်ခံတဲ့အခါ ကုန်းလမ်းက လာရောက်လိုသူတွေကို တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေးစခန်းနဲ့ ရေလမ်းက လာရောက်လိုသူတွေကို ငါးခူရ လက်ခံရေးစခန်းတွေကတဆင့် လက်ခံသွား မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ကြားမှာ စခန်းချနေထိုင်နေသူတွေကို အမြန်ဆုံးနေ ရပ်ပြန်ကြဖို့ မြန်မာအစိုးရဘက်က အသိပေးထားပြီး မပြန်တဲ့သူတွေကို ပြည်ထဲရေးဝန်ကြီးဌာနက အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်မှာ ဖြစ်တယ်လို့ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။