ရိုက်တာသတင်းထောက်နှစ်ယောက် ဖမ်းဆီးခံရပြီးတဲ့နောက် ခေါင်းစွပ်အစွပ်ခံရပြီး စစ်ကြောရေးဝင်ရတဲ့အခါ ညညလည်း မအိပ်ရဘူးလို့ တရားရုံးမှာ ကိုဝလုံးက မနေ့က ထွက်ဆိုပါတယ်။
ရခိုင်ပြည်နယ်က လုံခြုံရေးစစ်ဆင်ရေးဆိုင်ရာ စာရွက်စာတမ်းတွေ လက်ဝယ်ရှိမှုအတွက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ပြစ်မှုထင်ရှားရင် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေအရ ထောင်ဒဏ် ၁၄ နှစ်ထိ ကျခံရနိုင်ပါတယ်။
ရိုဟင်ဂျာမွတ်စလင် ၁၀ ဦး မနှစ်က စက်တင်ဘာလက အသတ်ခံရတဲ့အမှုကို စုံစမ်းဖော်ထုတ်ဖို့ကြိုးစားချိန်မှာ သတင်းထောက်နှစ်ယောက် ဒီဇင်ဘာလမှာ ဖမ်းဆီးခံရပါတယ်။
နှစ်ရက်လောက် မအိပ်ရဘဲ ဘယ်သူနဲ့မှ ဆက်သွယ်လို့မရတဲ့ လျှို့ဝှက် ထိန်းသိမ်းရေးစခန်းကို ခေါ်ဆောင်သွားချိန် မှာ ခေါင်းစွပ်အနက်စွပ်ပြီး ခေါ်သွားတယ်လို့ ပြောပါတယ်။ အဲဒီစခန်းမှာ သီတင်းနှစ်ပတ်နေခဲ့ရပါတယ်။
တရားရုံးမှာ ဒုတိယမြောက်နေ့အဖြစ် နာရီနဲ့ချီထွက်ဆိုတဲ့အခါ ရဲက ထောင်ချောက်ဆင် ဖမ်းတယ်လို့လည်း ကိုဝလုံးကပြောပါတယ်။
စစ်ကြောရေးစခန်းမှာ စစ်ဆေးတုန်းကလည်း သူတို့ဆီကတွေ့ခဲ့တဲ့ လျို့ဝှက် စာရွက်စာတမ်းအကြောင်း မမေးဘဲ မောင်တောမှာ သတင်းလိုက်တဲ့အကြောင်း သေသေချာချာမေးတယ်လို့လည်း ပြောပါတယ်။
အိပ်လည်းမအိပ်ရဘဲ စစ်ဆေးမေးမြန်းပြီးရင်း မေးမြန်းနေတာမို့ အတော့်ကို ပင်ပန်းပါတယ်လို့လည်း ထွက်ဆိုပါတယ်။
