ရိုက်တာသတင်းထောက်နှစ်ဦး အမှု တရားလိုကို စတင်စစ်ဆေး


2018.01.23
reuters-court-622.JPG ရိုက်တာသတင်းထောက်တွေကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Kyaw Zaw Win/RFA

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ နဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့အမှုကို ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ပြီး တရားလိုဖြစ်သူ ဒုတိယရဲမှူးကြီး ယုနိုင် ကို စတင်စစ်ဆေးခဲ့ပါတယ်။

ဒုတိယရဲမှူးကြီး ယုနိုင်ရဲ့ ထွက်ဆိုချက်တွေအရ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့နှစ်ယောက်ကို ဖမ်းဆီးတဲ့နေရာ ကွဲလွဲမှုရှိနေတာ တေ့ွရှိခဲ့ပြီး သတင်းမီဒီယာ ဥပဒေနဲ့အညီ လုပ်ဆောင်ကြောင်း ထွက်ဆိုသွားတယ်လို့ သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေ ဦးသန်းဇော်အောင် က ပြောပါတယ်။

သတင်းထောက် ၂ ဦးကို တရားစွဲဆိုဖို့ သမ္မတရုံးက ခွင့်ပြုချိန်ဟာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ခရီး ထွက်ခွာနေတဲ့ အချိန်ဖြစ်တဲ့အတွက် ယာယီသမ္မတ တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယသမ္မတဖြစ်တဲ့ ဦးမြင့်ဆွေက ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ကိုဝလုံး နဲ့ ကိုကျော်စိုးဦး တို့နှစ်ဦးကို ဖမ်းဆီးချိန်မှာ ရှာဖွေတေ့ွရှိခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့ရဲ့ ကွပ်ကဲမှုအောက်က မြင်းလွတ် ရဲကင်းစခန်း သြဂုတ်လအတွင်းက တိုက်ခိုက်ခံရမှု တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ၊ လူ၊ လက်နက်ခဲယမ်းစာရင်းနဲ့ မြင်းလွတ် ရဲကင်းစခန်းရဲ့ မြေပုံကြမ်း စာရွက်တစ်ရွက်၊ အမှတ် (၈) လုံခြုံရေးတပ်ဖွဲ့ ကွပ်ကွဲတဲ့ဒေသမှာရှိတဲ့ ကျေးရွာတွေရဲ့ မီးလောင်တဲ့အခြေအနေနဲ့ လူနေထိုင်တဲ့ အခြေအနေကို ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကို သက်သေအဖြစ် ဒီကနေ့ တရားရုံးမှာ တင်သွင်းခဲ့ပါတယ်။

ကျင့်ဝတ်ချိုးဖောက်ပြီး လုပ်ဆောင်ခဲ့တာ မရှိတဲ့အတွက် ဒီအမှုနဲ့ပတ်သက်ပြီး တုန်လှုပ်မှုမရှိသလို တရားရုံးက မျှတတဲ့ ဆောင်ရွက်ချက်တွေ ပြုလုပ်မယ်လို့ ယုံကြည်ကြောင်း ကိုဝလုံး က ပြောခဲ့ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထပ်မံ ချိန်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။