သတင်းထောက် နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မနဲ့ စွဲချက်တင်


2018.01.10
reuters-reporters-622.jpg ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်မောင်(ခေါ်)ဝလုံးကို ဇန်နဝါရီလ ၁၀ ရက်နေ့က ရုံးထုတ်လာစဉ်
Photo: Kyaw Zaw Win/ RFA

ရိုက်တာသတင်းဌာနက အဖမ်းခံထားရတဲ့ သတင်းထောက်၂ ဦးကို နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃နဲ့ ရန်ကုန်မြောက်ပိုင်ခရိုင်တရာရုံးမှာ ဒီနေ့ စွဲချက်တင်လိုက်ပါတယ်။

ရုံးတင်စစ်ဆေးရာမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့အတွက် အာမခံလျှောက်ထားခဲ့တာကို လာမယ့် ၂၃ ရက်နေ့ ရုံးချိန်းမှာ အခြေအနေသိရမှာဖြစ်ကြောင်း ဖမ်းဆီးခံထားရသူနှစ်ဦးရဲ့ ရှေ့နေ ဦးသန်းဇော်အောင် က ပြောပါတယ်။

"ကျနော်တို့ ဒီကနေ့ကတော့ အာမခံလျှောက်လွှာတင်တယ်၊ လာမယ့်ရုံးချိန်းမှာ ဒီအာမခံနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်လျှောက်လွှဲ ချက်ပေးမယ်ပေါ့နော်၊ ဟိုဘက်က ဥပဒေအရာရှိ ကလဲပေး၊ ကျနော်တို့ကလဲပေး၊ ၂၃ ရက်နေ့မှာပါ"

ရုံးထုတ်မှာ ကိုဝလုံးတို့နဲ့အတူ အဖမ်းခံရတဲ့ ရဲဝန်ထမ်း၂ ဦး ကိုမတွေ့ရပေမယ့် အမှုရဲ့သက်သေစာရင်းမှာပါ ရှိနေတာကို တွေ့ရတယ်လို့ ဦးသန်းဇော်အောင် က ပြောပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်ရေးအတွက် ဒီကနေ့ရုံးထုတ်မှာ သတင်းမီဒီယာသမား ၅၀ ကျော်လောက်က Journalist is not Crime စာတန်းပါ တီရှပ်အမဲရောင်တွေကိုဆင်တူဝတ်ပြီး သတင်းယူခဲ့ကြပါတယ်။

ဒါ့အပြင် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်ရေးအတွက် ရည်စူးပြီး ငှက်လွှတ်ဆုတောင်းခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့ ကွပ်ကဲမှုအောက်က မြင်းလွတ် ရဲကင်းစခန်း သြဂုတ်လအတွင်းက တိုက်ခိုက်ခံရမှု တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ၊ လူ၊ လက်နက်ခဲယမ်း စာရင်းနဲ့ မြင်းလွတ်ရဲကင်းစခန်းရဲ့ မြေပုံကြမ်းစာရွက်တစ်ရွက်၊ အမှတ် (၈) လုံခြုံရေး တပ်ဖွဲ့ ကွပ်ကွဲတဲ့ဒေသမှာရှိတဲ့ ကျေးရွာတွေရဲ့ မီးလောင်တဲ့အခြေအနေနဲ့ လူနေထိုင်တဲ့အခြေအနေ ကို ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကို လက်ဝယ်တွေ့ရှိတယ် ဆိုတဲ့ အကြောင်းအရာနဲ့ နိုင်ငံတော် လျို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃နဲ့ တရားစွဲဆိုတာဖြစ်တယ်လို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

သူတို့နှစ်ဦးကို လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ထပ်မံရုံးထုတ်မှာဖြစ်ပါတယ်။

ရိုက်တာသတင်းထောက်၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ စွဲချက်တင်လိုက်တာကို စိတ်ပျက်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ဒီမိုကရေစီစနစ်အောင်မြင်ထွန်းကားဖိ့ုအတွက် သတင်းထောက်တွေဟာ သတင်းထောက်အလုပ်ကို လုပ်နိုင်စွမ်းရှိရမှာဖြစ် တာကြောင့် ရိုက်တာသတင်းထောက် ၂ ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

အမေရိကန်သမ္မတဟောင်း ဘီကလင်တန်နဲ့ ကမ္ဘာ့အဖွဲ့အစည်း တော်တော်များများကလည်း ရိုက်တာသတင်းထောက်၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုတာတွေရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။