တိုက်ပွဲနယ်မြေ ပလက်ဝမှာ ဆန်ဈေးတက်ပြီး ဝယ်ရခက်နေ

ဖြူဖြူခိုင်
2020.02.15

ကျောက်တော် - ပလက်၀ ရေလမ်းလုံခြုံမှုမရှိလို့ ရေယာဉ်တွေ ရပ်ဆိုင်းထားတာကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စားသောက်ကုန်ဈေးနှုန်းတွေ နှစ်ဆလောက် မြင့်တက်နေလို့ ဒေသခံတွေ အခက်ကြုံနေပါတယ်။

အရင်က ဆန်တစ်အိတ်ကို တစ်သောင်းခွဲ၊ နှစ်သောင်းကနေ အခုရက်ပိုင်းအတွင်း သုံးသောင်းခွဲအထိ မြင့်တက်သွားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ကပြောပါတယ်။ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်

“ပလက်ဝက ရခိုင်ပြည်နယ်ထွက်ပေါက် ကျောက်တော်ရှိတယ်။ ချင်းပြည်နယ်ထွက်ပေါက်ဆို မတူပီရှိတယ်။ ရိက္ခာအတွက်ဆိုရင် အဓိကကျောက်တော်ကို အားထားပြီးနေရတဲ့အခါကျတော့ ပလက်၀ နဲ့ ကျောက်တော် လမ်းကြောင်းပိတ်တာနဲ့ ပလက်ဝ အနေနဲ့ တော်တော်လေး အခက်အခဲရှိလာတယ်။ အရင်တုန်းကတော့ လုံခြုံမှုတစ်ခုပဲပေါ့နော်။ ခန္ဓာကိုယ် လုံခြုံမှုတစ်ခုပဲ။ အခုတော့ ဘဝလုံခြုံမှု စားနပ်ရိက္ခာလုံခြုံမှုပါ ပါလာတယ်။”

ဒီလဆန်းပိုင်းကစလို့ ပလက်ဝအောက်ဘက်နဲ့ ကျောက်တော် အထက်ဘက် နေရာတွေမှာတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ နေ့တိုင်းတိုက်ပွဲဖြစ်နေတာပါ။ တိုက်ပွဲ ပြင်းထန်လာပြီး စက်လှေတွေ မထွက်ရဲတော့ဘဲ ရပ်နားထားရတာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားတာ ရှစ်ရက်လောက် ရှိနေပါပြီ။

ကုလားတန်မြစ်ကြောင်းပေါ်က ပလက်၀ မီးချောင်းတံတားထိပ်နဲ့ ကျောက်တော် တင်းမကျေးရွာအနားမှာ တိုက်ပွဲဖြစ်နေတာ ၁၀ ရက်လောက်ရှိပြီလို့ AA က ပြောပါတယ်။

အခုလိုတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတွေ မသွားမလာရဲ ဖြစ်နေကြတာလို့ ပြောတာက AA ပြောခွင့်ရသူ ခိုင်သုခ ပါ။

“ကုလားမြစ် တစ်ဘက်တစ်ချက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ရေကြောင်းသွားလာမှုတွေကတော့ ဒေသခံတွေက မသွားရဲမလာရဲဖြစ်ပြီး အဲဒီမှာပိတ်နေတာ။ အဓိကတော့ တိုက်ပွဲဖြစ်နေတာနဲ့ဆိုင်တာပေါ့။ တိုက်ပွဲကအခုဆိုရင် ကုလားတန်မြစ်ကြောင်းမှာ ပလက်ဝမြို့နယ်ထဲက မီးချောင်းတံတားထိပ်နဲ့ ကျောက်တော်မြို့နယ်ထဲက တင်းမရွာအနားမှာ ဖြစ်နေတာရယ်။ အဲဒီနှစ်ခုစလုံးက ကုလားတန်မြစ်ကြောင်းကို စိုးမိုးထားတဲ့နေရာဆိုတော့ ကုလားမြစ်ကြောင်းကတော့ တိုက်ပွဲဖြစ်ကတည်းကပိတ်သွားတာ။”

ပလက်ဝမှာ ဆန်ဈေးတွေမြင့်တက်နေတာကို လတ်တလောဖြေရှင်းနိုင်ဖို့ အစိုးရ စီစဉ်ထားတဲ့ အခြေအနေကို RFA က ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးထက်ကိုဆက်သွယ်မေးမြန်းပါတယ်။ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့ ဦးစိုးထက်

“ဒီလိုသာ အမြဲပိတ်နေအုံးမယ်ဆိုရင် စားနပ်ရိက္ခာ အတော် ခက်ခဲသွားမယ့် သဘောပဲ။ နောက်ဆုံး ဆန်မရှိရင်တော့ ဆန်ပြုတ်သောက်ရမယ့် အနေအထားမျိုးဖြစ်မှာပဲ။ လုံခြုံရေး ကောင်းတော့မှာပဲ သွားလို့ရမယ်။ မဟုတ်ရင် AA ကမတားဆီးရင် စက်လှေတွေက လွယ်လွယ်ကူကူနဲ့ သွားလို့ရမယ်။ အခုဟာက သွားသမျှစက်လှေတွေကိုခေါ်တယ်။ မေးတယ်။ လူကိုခေါ်တယ် ဒါကရေရှည်မှာမဖြစ်သင့်ဘူး။ သက်သက်နှိပ်စက်နေတာပဲ။”

ပလက်ဝမြို့နယ်မှာ လူဦးရေ တစ်သိန်းခန့် ရှိပြီး အများစုက တောင်ယာလုပ်ကိုင်ကြတာပါ။ ပလက်ဝမှာ နေထိုင်သူတွေဟာ အဓိက အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့ တခြားရိက္ခာ တွေကို ကုလားတန်မြစ်ကြောင်းကို အသုံးပြုပြီး ရေလမ်းကြောင်းကတစ်ဆင့် ရခိုင်ပြည်နယ်ဘက်ကနေ သယ်ယူရတာပါ။

ပလက်ဝကို ဆန်အဝင်မရှိတော့ ဈေးထဲမှာ ဆန်လက်ကျန် ပြတ်လပ်သွားပြီလို့ ပလက်၀ မြို့ခံကိုပီတာက ပြောပါတယ်။

“ပလက်ဝမြို့ပေါ်က ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ကနေပြီး ဝယ်ပြီးပဲစားသောက်နေရတာဆိုတော့ အခုလောလောဆယ်တော့ ဈေးထဲမှာရောင်းနေတဲ့ ဆန်တွေကကုန်သွားပြီ။ အရင်တုန်းကတော့ ပလက်ဝနယ်မှာ ရွှေ့ပြောင်းတောင်ယာတွေလုပ်ပြီးတော့ ဒေသခံတွေက အသက်မွေးဝမ်းကျောင်းပြုတယ်။ အရင်တုန်းက အခုလိုမျိုးဖြစ်သွားခဲ့ရင်တောင်မှ နယ်ကဆန်တွေနဲ့ ရကောင်းရနိုင်တယ်။ ဒါပေမဲ့ ရခိုင်တပ်မတော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း ဒေသခံတွေလည်း တောင်ယာ လုပ်လို့မရဘူး။ နယ်မှာလည်း ဆန်တွေကရခိုင်ပြည်နယ်ကပို့တဲ့ ဆန်တွေကိုပဲ မှီခိုနေတဲ့သဘောရှိတယ်။”

လတ်တလောမှာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် ကုန်စည်သယ်ယူရေးလမ်းကြောင်းဖြစ်တဲ့ ပလက်ဝနဲ့ ကျောက်တော် ရေလမ်းကြောင်းသွားလာဖို့ မလုံခြုံတဲ့ အခြေအနေဖြစ်နေတာပါ။

လက်ရှိ ပလက်ဝမြို့နယ်ထဲမှာရှိတဲ့ အခြေခံစားသောက်ကုန်တွေအရ နောက်ထပ် အများဆုံး နှစ်ပတ်လောက် အတွက်ပဲ လုံလောက်တော့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပလက်ဝမြို့နယ်ဟာ လျှပ်စစ်မီး၊ မြို့တွင်းသွားလာရေးနဲ့ ဆက်သွယ်ရေးတွေမှာ ဒီဇယ်ကိုပဲ အဓိကထားအသုံးပြုနေကြတာပါ။  

လက်ရှိ ပလက်ဝမြို့နယ်မှာ ရိက္ခာပြတ်လပ်တော့မယ့် အခြေအနေကြုံနေတဲ့အပြင် ဒီဇယ်ဆီတွေ ပြတ်လပ်သွားမှာကိုလည်း စိုးရိမ်နေတယ်လို့  အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ကုန်စည်သယ်ယူရေးတွေ ရပ်နားထားတာကြောင့် မကြာခင်မှာ ဒီဇယ်ပြတ်လပ်သွားပြီး လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးပါ ပြတ်တောက်သွားနိုင်တဲ့အတွက် ကုန်စည်သယ်ယူရတဲ့ လမ်းကြောင်းအမြန် ပြန်ပွင့်ဖို့ ပလက်ဝမြို့ခံတွေက မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။