အခြေခံစပါးရည်ညွှန်းဈေး ပြင်ပပေါက်ဈေးထက် နှစ်ဆခန့် လျော့နည်း

RFA Burmese
2024.10.19
အခြေခံစပါးရည်ညွှန်းဈေး ပြင်ပပေါက်ဈေးထက် နှစ်ဆခန့် လျော့နည်း ဖျာပုံမြို့နယ်မှ တောင်သူများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီက ၂၀၂၄ ခုနှစ် မိုးစပါးနဲ့ ၂၀၂၅ ခုနှစ် နွေစပါးအတွက် စပါးတင်းတစ်ရာကို အခြေခံရည်ညွှန်းဈေး ကျပ် ကိုးသိန်းခွဲ (၉၅၀,၀၀၀) သတ်မှတ်လိုက်ပြီး ဒါဟာ ပြင်ပပေါက်ဈေးထက် နှစ်ဆခန့် လျော့နည်းနေတယ်လို့ တောင်သူလယ်သမားတွေက RFA ကို ပြောပါတယ်။

ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်တဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အခြေခံစပါး ရည်ညွှန်းဈေးတွေကို အောက်တိုဘာလ ၁၈ ရက် မနေ့က သတ်မှတ်လိုက်တာပါ။

စပါးအစိုဓာတ် ၁၄ ရာခိုင်းနှုန်းနဲ့ အဖျင်း၊ အမှော်၊ ဖုံ၊ သဲ၊ ခဲ ကင်းစင်ပြီး ၄၆ ပေါင်ရှိတဲ့ သတ်မှတ်စံချိန်၊ စံညွှန်းနဲ့ ကိုက်ညီတဲ့ စပါးတင်းတစ်ရာကို ကျပ် ကိုးသိန်းခွဲနှုန်းထားနဲ့ ရည်ညွှန်းဈေးအဖြစ် သတ်မှတ်ထားပါတယ်။

မိုးစပါး တစ်ဧကကို မျိုးစပါး၊ မြေဩဇာနဲ့ ပိုးသတ်ဆေးအပါအဝင် သွင်းအားစု ကုန်ကျစရိတ်စုစုပေါင်း ကျပ် ရှစ်သိန်းကျော် ရှိနေတာကြောင့် အခြေခံရည်ညွှန်းစပါးဈေး ကျပ် ၉၅၀,၀၀၀ နဲ့ ရောင်းရမယ်ဆိုရင် တောင်သူတွေ အရှုံးပေါ်မှာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်က လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

“မျိုးစပါးဈေး၊ ဆီဈေး၊ ပိုးသတ်ဆေး၊ ထွန်ခ၊ ယက်ခ၊ ရိတ်သိမ်းခ အဲဒါ ရှစ်သိန်းခွဲလောက် ဖြစ်နေပြီ။ ရှစ်သိန်းခွဲလောက်ဆိုတာ အနိမ့်ဆုံးပြောတာနော်။ ဆီဈေးတွေတက်ရင် ကျော်ထွက်သွားမှာ။ တစ်ဧက ကုန်ကျစရိတ်က အဲဒီလောက် ရှိတယ်။ သူတို့ ကိုးသိန်းခွဲနဲ့ ဖြတ်တယ်ဆိုရင် အရှုံးပေါ်မှာ”

လက်ရှိမှာတော့ ဆင်းသွယ်အုပ်စုဝင် စပါးတင်းတစ်ရာကို ကျပ်သိန်း နှစ်ဆယ်ဝန်းကျင် ပြင်ပပေါက်စျေးရှိနေပြီး ကျားပျံ စပါးတင်းတစ်ရာကို ကျပ်သိန်းသုံးဆယ်ကျော် ရှိနေတယ်လို့ ဖျာပုံမြို့နယ်က လယ်သမားတွေက ပြောပါတယ်။

အဲဒီရည်ညွှန်းဈေးထက် ဈေးကွက်ပေါက်ဈေးမှာ မြင့်နေရင် ပေါက်ဈေးအတိုင်းဝယ်ရမှာဖြစ်သလို ဈေးကွက်ပေါက်ဈေးဟာ ရည်ညွှန်းဈေးထက်နိမ့်နေရင် သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ဝယ်ယူရမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ သတ်မှတ်ရည်ညွှန်းဈေးဟာ ပြင်ပပေါက်ဈေးနဲ့ နှစ်ဆခန့် ကွာဟနေတာကြောင့် စပါးဝယ်ယူမဲ့ ပွဲစားနဲ့ ကုန်သည်တွေ ဈေးနှိမ်ဝယ်ယူကြမှာကို တောင်သူလယ်သမားတွေ စိုးရိမ်နေပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ စပါးတင်းတစ်ရာကို အခြေခံရည်ညွှန်းစပါးဈေးနှုန်းဖြစ်တဲ့ ကျပ် ခုနစ်သိန်းခွဲ (၇၅၀,၀၀၀) နဲ့ အနိမ့်ဆုံးထားပြီး ဝယ်ယူရမယ်လို့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။