မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း သေဒဏ်ချမှတ်ခံထားရသူတွေထဲက ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ လေးဦးကို အမှန်တကယ် သေဒဏ်စီရင်ဖို့ ချမှတ်ထားတာကို အမှန်တကယ် အကောင်အထည်ဖော်မှာ ဖြစ်တဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၇ ရက်နေ့က RFA ကို အတည်ပြု ပြောကြားခဲ့ပါတယ်။
အခုလို ကွပ်မျက်မိန့် ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာထားပါတယ်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က မြန်မာစစ်တပ်ဟာ သေဒဏ်ပေးတာကို ဆက်လက် ကျင့်သုံးမယ်လို့ ကြေညာလိုက်တာဟာ လုံးဝ လက်ခံနိုင်စရာ မရှိတဲ့အကြောင်း ပြောကြားပြီး သေဒဏ်ပြဋ္ဌာန်းခြင်းကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။
သေဒဏ်အပြစ်ပေးခြင်းဟာ ရက်စက်ပြီး လူမဆန်သော၊ သိက္ခာမဲ့သော အပြစ်ဒဏ်မျိုးဖြစ်တဲ့အတွက် အဖွဲ့အနေနဲ့ သေဒဏ်အပြစ်ပေးခြင်းကို ခြွင်းချက်မရှိ ဆန့်ကျင်တယ်လို့ ဇွန်လ ၄ ရက်နေ့က Amnesty International အဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားလိုက်ပါတယ်။
စစ်ကောင်စီဟာ အခုလို ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်နှစ်ဦးကို သေဒဏ်စီရင်ဖို့ ဆုံးဖြတ်ထားတာကို အမှန်တကယ် အကောင်အထည်ဖော်မယ်ဆိုရင် ပြည်တွင်းပြည်ပက အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပိုမိုပြင်းထန်လာပြီး နိုင်ငံတကာရဲ့ ကန့်ကွက်ရှုတ်ချမှုတွေနဲ့ ပိတ်ဆို့အရေးယူမှုတွေ ပိုတိုးလာလိမ့်မယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က အာရှရေးရာညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။
“မြန်မာစစ်ခေါင်းဆောင်တွေဟာ တရားမဝင်တဲ့ စစ်ခုံရုံးကနေ လုပ်ကြံဖန်တီးထားတဲ့ စွဲချက်တွေနဲ့ စီရင်ချက်ချပြီး အမှန်တကယ် ကွပ်မျက်ခွင့်ရှိတယ်လို့ ထင်နေတာ လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရတစ်ရပ်ကို ဖြုတ်ချပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ဘယ်လိုနည်းနဲ့မှ တစ်စုံတစ်ယောက်ရဲ့ အသက်ကိုစီရင်ဖို့ အခွင့်အာဏာမရှိပါဘူး။ စစ်ခေါင်းဆောင်တွေ ဒီဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်မယ်ဆိုရင် နိုင်ငံတကာရဲ့ အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ သူတို့ရဲ့ အကျိုးစီးပွားတွေအပေါ်မှာ ပုံစံအမျိုးမျိုး နည်းလမ်းအမျိုးမျိုးနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကြုံလာရပါလိမ့်မယ်”
နိုင်ငံတကာမှာလည်း သေဒဏ်အပြစ်ပေးမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တဲ့အတွက် ဖျက်သိမ်းဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွေမှာ တိုက်တွန်းမှုတွေရှိခဲ့ပြီး မြန်မာနိုင်ငံမှာတော့ သေဒဏ်ချမှတ်ထားသူတွေကို အမှန်တကယ် ကွပ်မျက်ခြင်းမရှိခဲ့တာ နှစ်ပေါင်း ၃ဝ ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က မြန်မာနိုင်ငံအနေနဲ့ သေဒဏ်ချမှတ်ခံထားရသူတွေကို အမှန်တကယ် စီရင်ခြင်းမရှိတော့တဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တရားဝင် ပြောကြားတာရှိခဲ့တဲ့အတွက် အခုလို စစ်ကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ ကတိကဝတ်တွေကို လျစ်လျူရှုပြီး ထင်သလိုလုပ်နေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ သေဒဏ်ပေးမှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီမှာ နိုင်ငံတကာက မေးမြန်းဖူးပါတယ်။ မေးမြန်းတဲ့အခါမှာတော့ သေဒဏ်ပေးမှုကို ဒီဥပဒေကိုတော့ ဖျက်သိမ်းတာမရှိဘူး။ ဒါပေမဲ့ သေဒဏ်ပေးမှုကို မကျင့်သုံးတော့ပါဘူးဆိုပြီးတော့ ဦးသိန်းစိန်လက်ထက်ကတည်းက ဖြေကြားခဲ့တာရှိပါတယ်။ နောက်တစ်ခါ သမိုင်းမှာပြန်ကြည့်မယ်ဆိုရင်လည်း သူ့ရဲ့ကာလ နောက်ပိုင်းမှာ သေဒဏ်ပေးတဲ့ဟာကို ကျင့်သုံးမှု မရှိတာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒါကြောင့်မို့ အခုအချိန်မှာ သေဒဏ်ပေးမယ်။ သေဒဏ်ပေးမှုကို တကယ့်ကို လုပ်ဆောင်တော့မယ်ဆိုတဲ့ဟာက အစိုးရအစဉ်အဆက်ကနေ ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှု တစ်ရပ်အနေနဲ့ သတ်မှတ်ပြီးတော့ လုပ်ဆောင်တဲ့ဟာကို ပြန်ပြီးတော့ အသက်သွင်းတဲ့သဘောမျိုး ဖြစ်နေပါတယ်”
စစ်ကောင်စီရဲ့ အထူးတရားရုံးတွေမှာ ခုခံကာကွယ်ပိုင်ခွင့်၊ ဥပဒေကျွမ်းကျင်သူရှေ့နေတွေနဲ့ ကိုယ်စားပြုချေပခွင့် စတဲ့ အခွင့်အရေးတွေမရှိဘဲ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ရန်သူအဖြစ် ရှုမြင်ပြီး သေဒဏ်စီရင်ချက် ချမှတ်နေတာ ဖြစ်တဲ့အတွက် တရားမျှတတဲ့ စစ်ဆေးစီရင်မှု မဖြစ်ကြောင်းလည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။
“သေဒဏ်ပေးတဲ့အခါမှာ တကယ့်ကို ခိုင်လုံဖို့အတွက် တရားရေးဆိုင်ရာ အခွင့်အရေးတွေဖြစ်တဲ့ ပြောဆိုချေပခွင့် ဒီဟာနဲ့ပတ်သက်ပြီးတော့ ရှေ့နေတွေကနေ အကျိုးဆောင်ပြီးတော့ ကာကွယ်ခွင့် ဒါတွေ ရှိရမယ်။ တစ်ချိန်တည်းမှာပဲ သေဒဏ်ပေးမှုကို ဆန္ဒစွဲတွေ၊ ဒေါသစွဲတွေနဲ့ မလုပ်ဘဲနဲ့ တရားမျှတမှုကို အခြေခံတဲ့ တရားဥပဒေကို အခြေခံတဲ့ တရားစီရင်မှုပုံစံမျိုးနဲ့ လုပ်ရမယ်။ ဒါတွေက သတ်မှတ်ထားတာဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာကတော့ ဒီမိုကရေစီတော်လှန်ရေး လုပ်ဆောင်နေတဲ့သူအားလုံးကို ရန်သူအဖြစ် သတ်မှတ်တဲ့ စစ်ကောင်စီရဲ့ချမှတ်တဲ့ တရားခုံရုံးတွေမှာလည်း ဒီအခွင့်အရေးတွေ မရှိဘူး။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ဘယ်လိုမှ တရားမျှတတယ်လို့ ယူဆလို့မရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။”
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၂ဝဝ ကျော်ထဲမှာ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသူ ၂ဝ ဦး ရှိနေပြီး၊ ဒီအထဲမှာ အသက် ၁၈ နှစ် မပြည့်သေးသူ ယောက်ျားလေး ၂ ဦးလည်း ပါဝင်နေတယ်လို့ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ISP-Myanmar ကနေ ထုတ်ပြန်ထားပါတယ်။
Amnesty International အဖွဲ့ကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက သေဒဏ်အပြစ်ပေးမှုတွေကို စောင့်ကြည့်နေပြီး အခုနှစ်မှာတင် သေဒဏ် အပြစ်ပေးတဲ့ အမှု ၈၆ မှု အထိရှိခဲ့တယ်လို့လည်း ပြောပါတယ်။