ဖိနှိပ်ခံရသူအားလုံး တရားမျှတမှုရဖို့ ရိုဟင်ဂျာတွေ တောင်းဆို

နေရိန်ကျော် (ဝါရှင်တန်ဒီစီ)
2022.02.17
ဖိနှိပ်ခံရသူအားလုံး တရားမျှတမှုရဖို့ ရိုဟင်ဂျာတွေ တောင်းဆို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က နယ်သာလန်နိုင်ငံ သဟိတ်မြို့ ICJ တရားရုံးအတွင်း မြန်မာအရေး ကြားနာနေစဉ် ရုံးရှေ့တွင် ဆန္ဒပြနေကြသူတချို့အား တွေ့ရစဉ်။
Photo: Reuters

ရိုဟင်ဂျာတွေ နှိပ်စက်သတ်ဖြတ်ခံရမှုအတွက် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ၂၀၁၉ ခုနှစ်က စလို့ မြန်မာအာဏာပိုင်တွေကို တရားစွဲထားတဲ့ ကိစ္စ ဒုတိယအကြိမ် ကြားနာပွဲကို လာမယ့် တနင်္လာနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ကြားနာပွဲ မတိုင်ခင်မှာ အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအတွက်ရော မြန်မာနိုင်ငံသားတွေအတွက်ပါ အခုဆောင်ရွက်နေတဲ့ တရားစီရင်ရေးက ဘယ်လောက် အရေးကြီးလဲဆိုတာ ရှင်းပြပေးဖို့ HRW အဖွဲ့က အာရှရေးရာသုတေသီ Shayna Bauchaner ကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ Women’s Peace Network လို့ခေါ်တဲ့ အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ရက် ခေါင်းဆောင် မဝေဝေနုက ....

"မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေ ဖိနှိပ်ခံရတာကို မျက်ဝါးထင်ထင် တွေ့လာကြသလို ရိုဟင်ဂျာတွေ ခံစားခဲ့ရတာကိုလဲ စာနာနားလည်လာကြတာတွေ့ရတဲ့ အကြောင်းနဲ့ လူထုအခြေပြု အရပ်ဘက်အဖွဲ့တွေက ရိုဟင်ဂျာတွေဘက်က ရပ်တည်လာတာကို ကျေးဇူးတင်တဲ့ အကြောင်း၊ အခုလို တရားစီရင်ရေး ဆောင်ရွက်လာတာဟာ ကျူးလွန်သူတွေကို တာဝန်ခံမှု တာဝန်ယူမှုတွေ ရှိပြီး အရေးယူမယ်ဆိုရင် ရိုဟင်ဂျာတွေအတွက်ရော၊ မြန်မာတွေအတွက်ပါ တရားမျှတမှု၊ တန်းတူညီမျှမှုတွေ ရလာနိုင်မှာဖြစ်တဲ့အကြောင်း" ပြောဆိုသွားပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း ....

"မြန်မာပြည်ဘက်မှာ ရှိနေသေးတဲ့ ရိုဟင်ဂျာတွေဟာ အခုလည်း ဆက်ပြီး နှိပ်ကွပ်ခံနေရသေးသလို ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့သူတွေလဲ အကန့်အသတ် အချုပ်အချယ်တွေအောက်မှာ နေရပြီး ဘာဆန်ချာကျွန်းကို ပို့တာပါ ခံနေရတဲ့ အကြောင်း၊ ဒါကြောင့် မြန်မာပြည်မှာ နှိပ်စက်ခံနေရတဲ့ တိုင်းရင်းသား ပြည်သူတွေနဲ့ ရိုဟင်ဂျာတွေအတွက် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကမ္ဘာကြီးက ဝိုင်းကူညီဖို့ လိုပါတယ်"လို့ ပြောသွားပါတယ်။

HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကလည်း ........

"မြန်မာပြည်မှာ လက်လွတ်စပယ် ဖမ်းဆီးသတ်ဖြတ်တာတွေ နှိပ်စက်တာတွေ ရှိနေသေးတဲ့အတွက် ဒီလုပ်ရပ်တွေ ရပ်ဖို့ဆိုရင် တရားမျှတမှုရှိရမှာ ဖြစ်တဲ့အကြောင်းနဲ့ ICJ တရားရုံးအနေနဲ့ အခုအမှုကို Genocide ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ပြီး အရေးယူနိုင်အောင် ဆောင်ရွက်နေတာကို အသိအမှတ် ပြုတဲ့အကြောင်း၊ ကျနော်တို့ ဆက်ပြီး ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ဖို့ လိုတဲ့အကြောင်း၊ ကျူးလွန်ထားတဲ့ တပ်မတော်ကို အရေးယူနိုင်ဖို့ တဖြေးဖြေး နီးသထက် နီးလာနေပြီ ဖြစ်တဲ့ အကြောင်း" ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းတွေ ကြားခဲ့ရတဲ့အတွက် အဲဒီအပေါ်မှာ ဘယ်လိုဖြစ်ပေါ်တိုးတက်မှု တွေ့ရပါလဲဆိုတော့ ဦးထွန်းခင်က.....

"စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ သူတို့ဟာ အာဏာပိုင်အဖွဲ့အစည်း ဖြစ်တဲ့အကြောင်း တိုင်းရေးပြည်ရာတွေကို သူတို့ ဖြေရှင်းနိုင်တယ် ဆိုတဲ့အကြောင်း ပြရုံသက်သက်ပါပဲ။ တကယ်တော့ မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့ လက်ရှိအခြေအနေအရ ဘယ်ရိုဟင်ဂျာမှ ပြန်မှာ မဟုတ်ပါဘူး" လို့ ပြောသွားပါတယ်။

HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အာရှဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကလည်း အခုလို အခြေအနေအောက်မှာ ဘယ်ရိုဟင်ဂျာမှ ယုံကြည်မှုရှိမှာ မဟုတ်သလို ဘယ်သူမှလည်း ပြန်ကြမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရက အခု ဒုတိယတစ်ခေါက်ကြားနာပွဲအတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ရှေ့နေအဖွဲ့ကို ကိုယ်စားလှယ်အဖြစ် စေလွှတ်တဲ့အပေါ် သဘောထားနဲ့ NUG အစိုးရဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းတို့ သဘောတူညီမှု တစ်ခုခုရလားလို့ RFA က မေးမြန်းတဲ့အခါမှာတော့ ....

"NUG ရဲ့ အခုဆောင်ရွက်ချက်တွေကို ကြားသိရပြီး မူအားဖြင့် ကြိုဆိုတဲ့အကြောင်းနဲ့ လောလောဆယ် အထိတော့ NUG နဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းတို့ တိုက်ရိုက်ဆက်ဆံတာ မရှိသေးတဲ့အကြောင်း၊ နောင်မှာ ဆက်သွယ် ဆောင်ရွက်ဖို့ ဆန္ဒပြုတဲ့အကြောင်း၊ ဒါဟာတရားမျှတမှုအတွက် ဖြစ်တဲ့အကြောင်း" မဝေဝေနုက ဖြေဆိုသွားပါတယ်။

rohinyga.JPG
၂ဝ၁၇ ခုနှစ်က မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံသွားကြသော ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ်။ (Photo: Reuters)

မြန်မာရိုဟင်ဂျာအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း အခုလိုပြောပါတယ်။

"အမှန်ပါပဲ။ NUG နဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာကို ကျနော်တို့ မြင်ချင်ပါတယ်။ NUG အနေနဲ့ ရှေ့ကို ဆက်ပြီး နိုင်ငံတကာမှာလဲ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒါဟာ ကျနော်တို့ မြင်ချင်တာပါ"

ICJ မှာ အခုဒုတိယအကြိမ် ကြားနာပွဲကနေ ဘာတွေ ပေါ်ထွက်လာမယ်လို့ မျှော်လင့်ထားပါလဲလို့ RFA က မေးတဲ့အခါ ....

"များသောအားဖြင့် ICJ တရားရုံးက ဆောင်ရွက်ချက်တွေ နှစ်နဲ့ချီ ကြာတတ်တဲ့အတွက် ဒီတစ်ခေါက်မှာလည်း သိပ်ပြီး ထူးခြားတဲ့ ဆုံးဖြတ်ချက်မျိုးတွေ ထွက်လာဖို့ မရှိနိုင်သေးပါဘူးလို့" မဝေဝေနုက ပြောပါတယ်။

"တကယ်တော့ မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့ လက်ရှိအခြေအနေအရ ဘယ်ရိုဟင်ဂျာမှ ပြန်မှာ မဟုတ်ပါဘူး"

နောက်ဆုံးမှာတော့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က .....

"မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ပြီး ဒီအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့တဲ့ကြောင်း၊ အခုလည်း PDF ပဲဖြစ်ဖြစ် CDM ပဲ ဖြစ်ဖြစ် မြန်မာ့အကျပ်အတည်း အဆုံးသတ်ဖို့ ဆိုရင် တာဝန်ခံမှု တာဝန်ယူမှုတွေ ရှိဖို့လိုအပ်တဲ့ အကြောင်း" ဖြည့်စွက်ပြောဆိုသွားပါတယ်။

အခုဆိုရင် စစ်ကောင်စီဘက်ကလည်း ICJ ကိစ္စအတွက် သူတို့ဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ကို ခန့်အပ်လိုက်သလို NUG အစိုးရဘက်ကလဲ ဦးကျော်မိုးထွန်းနဲ့ နိုင်ငံတကာက ဥပဒေပညာရှင်နှစ်ယောက်ကို ခန့်လိုက်တယ်လို့ ကြေညာထားပါတယ်။

ICJ အနေနဲ့တော့ ခုချိန်ထိ ဘယ်ဘက်ကို လက်ခံမယ်ဆိုတာ မဆုံးဖြတ်ရသေးသလို ကြားနာပွဲ စတင်မယ့် ဖေဖော်ဝါရီလ ၂၁ ရက် တနင်္လာနေ့ကိုပဲ စောင့်ကြည့်ရမှာဖြစ်တယ်လို့ မနေ့က ရှင်းလင်းပွဲမှာ တက်ရောက်ခဲ့တဲ့ Global Justice Center ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုဗဟိုအဖွဲ့ ဥက္ကဋ္ဌ Akila Radhakrishnan (အကီလာ) က ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။