ရိုဟင်ဂျာဒုက္ခသည်စခန်းမီးလောင်၊ လူပေါင်း ခုနစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇန်နဝါရီလ ၇ ရက် ဒီကနေ့ မနက်အစောပိုင်းက မီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ခြေ ၈၅ဝ လောက် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

416945694_774665028029592_7872602711100155420_n.jpg
Photo: UNHCR

လူတွေအိပ်မောကျနေချိန် မနက်အစောပိုင်း တစ်နာရီလောက်မှာ အမှတ် (၅) ဒုက္ခသည်စခန်းကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက်လေးနာရီကျော်မှာမှ မီးထိန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၈၅ဝ ကျော် လုံးဝမီးလောင်ပျက်စီးသွားတာကြောင့် ဒုက္ခသည်ပေါင်း ၇ဝဝဝ ကျော်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကထုတ်ပြန်ပါတယ်။

000_349L3GH.jpg
Photo: AFP (-/AFP)

ဗလီတွေ၊ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ၊ အိမ်သာ ရေချိုးဆောင်တွေ အပါအဝင် ဒုက္ခသည်တွေအတွက် ဆောက်ပေးထားတဲ့ အဆောက်အဦပေါင်း ၁၂ဝ ကျော်အပြင် မီးသွယ်တန်းထားပေးတဲ့ ဆိုလာပြားတွေလည်း မီးထဲပါသွားတယ်လို့ ဆိုပါတယ်။

ကုတုပါလောင်ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က "ဒုက္ခသည်တွေအားလုံး လက်ရှိတော့ မီးလောင်ပြင်မှာပဲနေနေတယ်။ တချို့ကတော့ အနီးနားမှာရှိတဲ့ ဒုက္ခသည်စခန်းက ဆွေမျိုးတွေအိမ်မှာနေနေကြတယ်။ အခုတော့ သူတို့မှာ အမိုးအကာမရှိ၊ စားစရာလည်းမရှိ၊ ဆန်ရရင်တောင် ချက်စရာမရှိတော့ဘူး" လို့ RFA ကိုပြောပါတယ်။

414918996_248764138239978_6098442257151262208_n.jpg
Photo: Citizen Journalist

ကနဦးသတင်းတွေအရ ထိခိုက်ဒဏ်ရာရတဲ့သူနဲ့ သေဆုံးတဲ့သူမရှိသေးဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေသန်းနဲ့ချီနေနေတဲ့ ကော့ဘဇားက ဒုက္ခသည်စခန်းဟာ ကမ္ဘာပေါ်မှာအကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ပါတယ်။ အဲဒီဒုက္ခသည်စခန်းမှာ တဲအိမ်တွေကြား အစုလိုက်အပြုံလိုက်နေနေရတာကြောင့် မကြာခဏမီးလောင်လေ့ရှိပါတယ်။