ရိုဟင်ဂျာတွေ ဆယ်စုနှစ်နဲ့ချီ ထိန်းသိမ်းခံနေရကြောင်း HRW ထုတ်ပြန်

ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ၊ ကမန်၊ မွတ်စလင်နဲ့ အထောက်အထားမဲ့နေထိုင်သူ တစ်သိန်း သုံးသောင်းကျော်ဟာ ဆယ်စုနှစ် တစ်ခုအတွင်း မြန်မာအာဏာပိုင်တွေရဲ့ နိုင့်ထက်စီးနင်း ဖမ်းဆီးထိန်းသိမ်းတာကို ခံနေရတယ်လို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ ရဲ့ အင်တာနက်စာမျက်နှာမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

၂၀၁၂ ခုနှစ်ကနေ လက်ရှိအချိန်အထိ ရိုဟင်ဂျာတွေနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဝန်ထမ်းတွေကို တွေ့ဆုံမေးမြန်း မှတ်တမ်းတင်ထားတဲ့ အဲဒီထုတ်ပြန်ချက်ထဲမှာ ၂၀၁၂ ခုနှစ် ဇွန်လက စတင်ခဲ့တဲ့ အာဏာပိုင်တွေရဲ့ လူမျိုးစုရှင်းလင်းရေး လှုပ်ရှားမှုနဲ့ အဲဒီလူမျိုးစုတွေကို နေ့စဉ်ဘဝကနေ ဖယ်ထုတ်ဖို့ ကာလရှည်ကြာ ကြိုးပမ်းခဲ့ပြီး ခွဲခြားကန့်သတ်ချုပ်ချယ်ပုံတွေကို မှတ်တမ်းတင်ထားပါတယ်။

“ဘာကိုမှ လွတ်လပ်မှုလို့မခေါ်နိုင်ဘူး” ဆိုတဲ့နာမည်နဲ့ အဲဒီထုတ်ပြန်ချက်ထဲမှာ တစ်ဦးချင်း တွေ့ဆုံမှုတွေ၊ ဓာတ်ပုံ မှတ်တမ်းတွေနဲ့ ဗီဒီယိုတွေကတစ်ဆင့် မြန်မာအာဏာပိုင်တွေရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ အသားအရောင် ခွဲခြားမှု၊ နှိပ်စက် ညှဉ်းပန်းမှု၊ ထောင်သွင်းအကျဉ်းချမှုတွေနဲ့ လွတ်လပ်ခွင့်တွေဆုံးရှုံးပြီး အသက် အိုးအိမ်စည်းစိမ်တွေကိုပါ ခြိမ်းခြောက်ခံနေရတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေကို ဖော်ပြထားပါတယ်။

၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရွှေ့ပြောင်းသွားလာခွင့် ကန့်သတ်ချက် အသစ်တွေ ချမှတ်ခဲ့သလို သူတို့ကိုပေးနေတဲ့ အကူအညီတွေကို ပိတ်ဆို့ တာတွေလည်း လုပ်လာကြောင်းနဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်တွင်းက မြင့်တက် နေတဲ့ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တင်းမာမှုတွေ၊ တိုက်ပွဲတွေရဲ့ အလယ်မှာ ရောက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

အစိုးရတွေအနေနဲ့ အသားအရောင် ခွဲခြားမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေရဲ့ တုန်လှုပ် ချောက်ချားဖွယ် ကောင်းမှုတွေကို သတိရစေဖို့ နည်းလမ်းတစ်ခုအနေနဲ့ ရိုဟင်ဂျာတွေရဲ့ ဇာတ်လမ်းနဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်တာဖြစ်တယ်လို့ Human Rights Watch ရဲ့ အာရှဆိုင်ရာ သုတေသီ Shayna Bauchner က ပြောပါတယ်။

ဇွန်လ ၁၅ ရက်နေ့ ဒီနေ့ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲမှာလည်း မြန်မာစစ်တပ်ရဲ့ ကာလရှည်ကြာ ဆိုးရွားတဲ့ ကျူးလွန်မှုတွေကို ဖယ်ရှားဖို့ တာဝန်ခံမှုဆိုင်ရာ မဟာဗျူဟာတစ်ရပ်ကို မြှင့်တင်သင့်ကြောင်း အဆိုပြုထားပါတယ်။