ရိုဟင်ဂျာ သုံးနှုန်းမှုအပေါ် ဥပဒေနဲ့အညီ ဂုဏ်သိက္ခာရှိရှိ တုံ့ပြန်နေ


2018.02.05
theinswe-minister-622.jpg အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကို တွေ့ရစဉ်
Photo: RFA

ရိုဟင်ဂျာ အသုံးအနှုန်းအပေါ် အမျိုးသားအကျိုးစီးပွား၊ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ ရေရှည်အကျိုးစီးပွားအတွက် ရှေးရှုပြီး စိတ်ခံစားချက်နဲ့ စကားလုံးတစ်လုံးချင်းဆီနဲ့ တုံ့ပြန်ခြင်းထက် လုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့အညီ တည်တည်ငြိမ်ငြိမ် ဂုဏ်သိက္ခာရှိရှိ ထိရောက်တဲ့ တုံ့ပြန်မှုတွေနဲ့ ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးတင်အေးက တိုင်းရင်းသားမျိုးနွယ်စုတွေမှာ ရိုဟင်ဂျာလူမျိုးမရှိကြောင်း မြန်မာနိုင်ငံက တိုင်းရင်းသား ပြည်သူတွေသာမက ကမ္ဘာ့နိုင်ငံအသီးသီးကပါ သိရှိစေဖို့ ဘယ်လိုစီစဉ်ဆောင်ရွက်ထားလဲဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့ပါတယ်။

"နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားအကျိုးစီးပွား၊ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ ရေရှည်အကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်လျှက်ရှိပါတယ်၊ ရေရှည်အတွက်စဉ်းစားပြီးတော့မှ ကျယ်ပြန့်သောအမြင်များနဲ့ မှန်ကန်သော လုပ်ဆောင်ချက်များနဲ့ ကျနော်တို့ ဆောင်ရွက်လျှက်ရှိပါတယ်၊ အဲလိုဆောင်ရွက်တဲ့နေရာမှာ ခံစားချက် စကားလုံးတစ်လုံးချင်းနဲ့ တုံ့ပြန်ချင်းထက် လုပ်ထုံးလုပ်နည်းများ ဥပဒေများနဲ့အညီ တည်တည်ငြိမ်ငြိမ် ဂုဏ်သိက္ခာရှိရှိ၊ ဉာဏ်အမျှော်အမြင်နဲ့ ဆင်ခြင်ထုံတရားကို အလေးအနက်ထားပြီးတော့မှ ထိရောက်တဲ့ တုံ့ပြန်မှုများနဲ့ တုံ့ပြန်ဆောင်ရွက်လျှက်ရှိပါကြောင်း ပြောကြားလိုပါတယ်"

အဲဒီမေးခွန်းအပေါ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

အစိုးရအဆက်ဆက်ကောက်ယူခဲ့တဲ့ လူဦးရေသန်းခေါင်စာရင်းတွေမှာ တိုင်းရင်းသားလူမျိုးစု ၁၃၅ စုကိုသာ တေ့ွရှိရပြီး ရိုဟင်ဂျာလူမျိုးဆိုတာကို မတေ့ွရကြောင်း ဝန်ကြီးက ပြောခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံပိုင်မီဒီယာ၊ ပုဂ္ဂလိကမီဒီယာတွေမှာ ရိုဟင်ဂျာလူမျိုး အမည်ကို ထည့်သွင်းဖော်ပြခြင်းမရှိဘဲ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိကြောင်း ကြိမ်ဖန်များစွာ ဖော်ပြခဲ့ကြတယ်လို့လည်း ပြောပါတယ်။

နိုင်ငံတော်အကြီးအကဲတွေရဲ့ မိန့်ခွန်းတွေ၊ သဝဏ်လွှာတွေမှာ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို ထည့်သွင်း သုံးနှုန်းဖော်ပြခြင်း မရှိခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိနေတဲ့ မြန်မာသံရုံးဝန်ထမ်းတွေ၊ သံအမတ်ကြီးတွေ၊ UN အဖွဲ့အစည်းတွေမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်တွေကလည်း အဲဒီအသုံးအနှုန်း သုံးစွဲခြင်းကို အသိအမှတ်မပြုခဲ့ကြောင်း၊ တရားဝင်သုံးနှုန်းလာခဲ့ရင် ကန့်ကွက်တာ၊ ဆန့်ကျင်တာ ထောက်ပြတာတွေ ပြုလုပ်နေကြောင်းလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

သတင်းမီဒီယာတွေအနေနဲ့ကတော့ ကြိုက်သလို လွတ်လပ်စွာသုံးနှုန်းနိုင်တယ်လို့ ဝန်ကြီးက လွှတ်တော်အပြီးမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။