ရိုဟင်ဂျာတွေကို လျော်ကြေးပေးဖို့ Facebook ကုမ္ပဏီကို AI တောင်းဆို

2022.09.29
ရိုဟင်ဂျာတွေကို လျော်ကြေးပေးဖို့ Facebook ကုမ္ပဏီကို AI တောင်းဆို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လှေစီး ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ်။
Photo : reuters

Facebook က သုံးတဲ့ နည်းစနစ်တွေကြောင့် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်းနဲ့၊ ဒီကိစ္စအတွက် ကုမ္ပဏီအနေနဲ့ ပြန်ပြီးပေးဆပ်ရမယ်လို့ Amnesty International အဖွဲ့က ပြောလိုက်ပါတယ်။

Facebook လူမှုကွန်ရက်ရဲ့ အယ်လဂိုရီသမ်နည်းစနစ်၊ ကုမ္ပဏီရဲ့အကျိုးအမြတ် တစ်ခုတည်းကိုသာကြည့်ပြီး မဆင်မခြင်လုပ်ဆောင်မှုတွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ အကြောင်းရင်းခံတွေ ဖြစ်ခဲ့တယ်လို့ Amnesty International အဖွဲ့က ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။

Facebook ရဲ့ အယ်လဂိုရီသမ်နည်းစနစ်ဟာ ရိုဟင်ဂျာတွေအပေါ် ပိုပြီးမုန်းတီးလာအောင်၊ ခွဲခြားဆက်ဆံအောင်၊ အကြမ်းဖက်လာအောင် လှုံဆော်တဲ့ အကြောင်းအရာတွေကို ၂၀၁၇ ခုနှစ် အကြမ်းဖက်သတ်ဖြတ်မှုတွေ မတိုင်ခင်နှစ်တွေကတည်းက ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့တာလို့ ဆိုပါတယ်။

နှစ်လရှည်ကြာ ဖြစ်ပွားနေတဲ့ ခွဲခြားဆက်ဆံမှုတွေကို မီးလောင်ရာ လေပင့်ခဲ့တာကြောင့် ရက်ရက်စက်စက် ကျူးလွန်သတ်ဖြတ်မှုတွေ ပိုပြီး များပြားခဲ့တာလို့လည်း Amnesty International အဖွဲ့က ပြောပါတယ်။

ရိုဟင်ဂျာတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ ကုသနိုင်ရေးအတွက် Facebook ပိုင်ရှင် Meta ကုမ္ပဏီအနေနဲ့ သင့်တင့်တဲ့ လျော်ကြေးငွေ ပေးဖို့လည်း AI အဖွဲ့က ပြောပါတယ်။

AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ Facebook ကုမ္ပဏီဘက်ကို မေးမြန်းဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

ရိုဟင်ဂျာအဖွဲ့အစည်းတွေကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်း ပညာရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာတစ်သန်း ပေးဖို့ Facebook ကို တိုက်ရိုက်တောင်းဆိုထားပေမယ့် Facebook ကုမ္ပဏီဘက်ကတော့ ပေးဖို့ ငြင်းဆန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။