အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနောက်ဘက်ကမ်းခြေမှာ ရေထဲမျောလာတဲ့ ရိုဟင်ဂျာအလောင်းနှစ်လောင်း တွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်အယောက် ၁၅ဝ ကျော်ပါလာတဲ့ လှေတစ်စီး မတ်လ ၂ဝ ရက်နေ့က တိမ်းမှောက်ခဲ့ပြီး လှေပေါ်မှာပါလာတဲ့ လူအယောက် ၇ဝ လောက်ကို ကယ်တင်နိုင်ခဲ့ပေမဲ့ နောက်ထပ် အယောက် ၇ဝ ကျော် ပျောက်ဆုံးနေတယ်လို့ ကုလသမဂ္ဂဒုက္ခဆိုင်ရာ အကူအညီပေးရေးအေဂျင်စီက ပြောထားပါတယ်။
ပျောက်ဆုံးနေသူတွေထဲ အမျိုးသမီးနှစ်ယောက်ရဲ့ အလောင်းကို ဒေသခံငါးဖမ်းသမားတွေ စနေနေ့က တွေ့ခဲ့တာဖြစ်ပြီး နောက်ထပ်ရေနစ်နေတယ်သူတွေရှိသေးတယ်လို့လည်း ရိုက်တာသတင်းမှာ မတ်လ ၂၄ ရက်နေ့က ဖော်ပြပါတယ်။
ပျောက်ဆုံးနေတဲ့သူတွေကို အာဏာပိုင်တွေက ရှာဖွေနေဆဲဖြစ်ပြီး၊ ဒါဟာ ဒီနှစ်ထဲမှာ လူအသေအပျောက် အများဆုံးဖြစ်မယ်လို့လည်း ဆိုပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေဟာ ရေကြောင်းခရီးကြမ်းကို ဖြတ်ပြီး အင်ဒိုနီးရှားကမ်းခြေတွေဘက် ထွက်ပြေးနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်တစ်နှစ်တည်းမှာတင် အင်ဒိုနီးရှားဘက်ကို ရောက်လာတဲ့ ရိုဟင်ဂျာ အယောက် ၂၃ဝဝ ကျော်ရှိပြီး၊ ရိုဟင်ဂျာအယောက် ၅၇ဝ နီးပါးကတော့ ပင်လယ်ပြင်မှာ သေဆုံးပျောက်ရှခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။