မလေးရှားရောက် ရိုဟင်ဂျာတွေကို အလုပ်ခန့်ခွင့်ပေးဖို့ လုပ်ငန်းရှင်တွေ တောင်းဆို

RFA Burmese
2025.02.04
မလေးရှားရောက် ရိုဟင်ဂျာတွေကို အလုပ်ခန့်ခွင့်ပေးဖို့ လုပ်ငန်းရှင်တွေ တောင်းဆို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှ စက်လှေနှင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် တွေ့ရစဉ်။
Reuters

လစာနည်းပါးလို့ မလေးရှားနိုင်ငံသားတွေ မလုပ်ကိုင်လိုတဲ့ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ မကြာသေးခင်ကမှ အိန္ဒိယနိုင်ငံကနေ ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အလုပ်လုပ်ခွင့်ပေးဖို့ စားသောက်ဆိုင်လုပ်ငန်းစုတွေက မလေးရှားအစိုးရကို တောင်းဆိုလိုက်ပါတယ်။

အလုပ်အကိုင်နေရာ နှစ်သောင်းခွဲလောက်မှာ ဒီလူတွေကိုခန့်အပ်ခွင့်ပေးဖို့ လုပ်ငန်းရှင်တွေက လိုလားနေကြပါတယ်။

မလေးရှားနိုင်ငံက အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေဟာ အလုပ်သမားပြတ်လပ်မှုပြဿနာကြောင့် နိုင်ငံခြားသား အလုပ်သမားခန့်အပ်မှု တားမြစ်ချက်ကို ပြန်ရုတ်သိမ်းပေးဖို့ အစိုးရထံတောင်းဆိုလိုက်တာလို့ South China Morning Post သတင်းမှာရေးသားပါတယ်။

မလေးရှားဒုတိယ၀န်ကြီးချုပ် အဟ်မတ် ဇာဟစ် ဟမိဒီ (Ahmad Zahid Hamidi) ကတော့ နိုင်ငံခြားသား အလုပ်သမား ခန့်အပ်ချက်စည်းမျဉ်းတွေကို လျော့ပေါ့ပေးဖို့ လုပ်ငန်းရှင်တွေ တောင်းဆိုတာကို ပြန်လည်သုံးသပ်နေတယ်လို့ သောကြာနေ့က ပြောထားပါတယ်။

“မကြာခင်မှာ ဆုံးဖြတ်ချက်ချမယ်လို့ မျှော်လင့်ပါတယ်” လို့ သူကပြောပါတယ်။

မလေးရှားအစိုးရက နိုင်ငံရပ်ခြားအလုပ်သမားတွေအပေါ်မှီခိုနေတာကိုလျှော့ချဖို့နဲ့ မလေးရှားနိုင်ငံသားတွေအတွက် အလုပ်အကိုင် ပိုဖန်တီးပေးနိုင်ဖို့ ရွှေ့ပြောင်းအလုပ်သမားအသစ်တွေ ငှားရမ်းတာကို ပြီးခဲ့တဲ့နှစ် ဧပြီလက ရပ်ဆိုင်းခဲ့ပါတယ်။

မလေးရှားမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင် အလုပ်လက်မဲ့ဦးရေ ငါးသိန်းငါးသောင်းကျော်ရှိခဲ့ပြီး နိုဝင်ဘာလမှာ ငါးသိန်းလေးသောင်းခြောက်ထောင်ကျော်ကို ကျဆင်းသွားပါတယ်။

ဒါပေမဲ့ အစားအသောက်ဝန်ဆောင်မှုကဏ္ဍတွေမှာ လုပ်သားပြတ်လပ်မှုပြဿနာကြီးထွားလာနေတယ်လို့ ဆိုပါတယ်။

အွန်လိုင်းအသုံးပြုသူတွေက ရိုဟင်ဂျာ ဒုက္ခသည်တွေကို မလေးရှားမှာ အလုပ်လုပ်ခွင့်ပြုလိုက်ရင် အများပြည်သူလုံခြုံရေးနဲ့ သန့်ရှင်းမှုဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပါတယ်။

ဖေ့ဘွတ် လူမှုကွန်ယက် အသုံးပြုသူ အဇ်မန်း ရာဟင် က “ဒီလိုလုပ်မယ်ဆိုရင် ရိုဟင်ဂျာတွေ မလေးရှားကို ပိုရောက်လာလိမ့်မယ်... မကြာခင်မှာပဲ ငါတို့ စောင့်ရှောက်ရတဲ့ ဒုက္ခသည်တွေ ပိုများလာလိမ့်မယ်” လို့ ပြောပါတယ်။

မလေးရှားနိုင်ငံဟာ ဆယ်စုနှစ်များစွာကတည်းက လယ်ယာလုပ်ငန်း၊ စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် မြန်မာအပါအဝင် ဘင်္ဂလားဒေ့ရှ် အင်ဒိုနီးရှားနိုင်ငံသား အလုပ်သမားတွေကို မှီခိုအားထားနေရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။