ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေးကို မြန်မြန်ဆန်ဆန်ပြုလုပ်ဖို့နဲ့ ဒီကိစ္စအတွက် အဟန့်အတားဖြစ်နေတဲ့ အချက်တွေကို ဖယ်ရှားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအစိုးရကို ထပ်မံမေတ္တာရပ်ခံ လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အတွင်းဝန် Zaman ဇာမန် ဦးဆောင်တဲ့အဖွဲ့နဲ့ မြန်မာ နိုင်ငံခြားရေးဌာန အမြဲတန်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့အဖွဲ့တွေ နေပြည်တော်မှာ မနေ့က တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ရိုဟင်ဂျာတွေ သက်သေအထောက်အထား စိစစ်တဲ့လုပ်ငန်းကို အရှိန်အဟုန် မြှင့်တင်ဖို့ ၂ ဖက်လုံးက သဘောတူခဲ့ကြကြောင်းနဲ့ စိစစ်ပြီးဖြစ်တဲ့ လူ ၂ဝဝဝ ကို ပထမအသုတ်အဖြစ် ပြန်လည်နေရာချထားရေးအတွက် အစီအစဉ်ဆွဲရန် ၂ နိုင်ငံ ကိုယ်စားလှယ်တွေ မကြာခင် တွေ့ဆုံကြဖို့ ဘင်္ဂလားဒေ့ရှ်က အဆိုပြုတာကို မြန်မာဖက်က လက်ခံခဲ့ကြောင်းလည်း သိရပါတယ်။
