ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်တစ်စိတ်တစ်ပိုင်းအနေနဲ့ ရခိုင်ပြည်နယ်ကို ဒုက္ခသည် ၂၀ ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မေလ ၅ရက်နေ့မှာ သွားရောက်လေ့လာကြမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည် တစ်ထောင်ကျော်ကို နေရာပြန်လည်ချထားပေးဖို့ မြန်မာစစ်ကောင်စီ စီစဉ်ထားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က နေရာတစ်ခုကို သွားရောက်လေ့လာကြမှာလို့ အဲဒီအဖွဲ့မှာပါဝင်တဲ့ ကိုယ်စားလှယ်တစ်ဦးက AFP ကို မေလ ၃ ရက်နေ့က ပြောလိုက်တာဖြစ်ပါတယ်။
အဲဒီကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်ရဲ့ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးကော်မရှင်နာရုံးက Mizanur Rahman က ဦးဆောင်မှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP မှာ ဖော်ပြထားပါတယ်။
ဒီကိုယ်စားလှယ်အဖွဲ့ဟာ နေရပ်ပြန်မယ့် ဒုက္ခသည်တွေအတွက် စီစဉ်ထားတဲ့ အဆောက်အဦးတွေကို နေ့ချင်းပြန် သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလကုန်ပိုင်းမှာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်အရာရှိတစ်ဦးက AFP ကို ပြောထားပါတယ်။
၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် သန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံခဲ့ရတာပါ။
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအစီအစဉ်ကို ၂ဝ၁၈ ခုနှစ်က စတင်စီစဉ်ခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဒီဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအစီအစဉ်တွေမှာ တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်လာပြီး အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်အပါအဝင် ရှစ်နိုင်ငံက သံအမတ် ၁၁ ဦးကို စစ်ကောင်စီက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်မှာ နေရပ်ပြန်လာမယ့် ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားမယ့်နေရာတွေကို ပြသခဲ့ပါတယ်။
အဲဒီနောက်မှာတော့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့လည်း ပြီးခဲ့တဲ့ မတ်လက ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် စခန်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာတွေကတော့ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ သူတို့ရဲ့ မူလနေရာတွေမှာ ပြန်လည်နေထိုင်ခွင့်ရဖို့ အဓိကတောင်းဆိုထားကြပါတယ်။