ရုရှား-မြန်မာ ပူးတွဲကျင်းပမယ့် အစည်းအဝေးကို သပိတ်မှောက်ဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို

2022.07.14
ရုရှား-မြန်မာ ပူးတွဲကျင်းပမယ့် အစည်းအဝေးကို သပိတ်မှောက်ဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို ရုရှားသမ္မတပူတင်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
Photo: RFA

ရှရှားနဲ့ မြန်မာစစ်ကောင်စီ ပူးတွဲကျင်းပမယ့် အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းအစည်းအဝေးကို မတက်ရောက်ဘဲ သပိတ်မှောက်ကြဖို့ ပြည်တွင်းပြည်ပက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားတဲ့အဖွဲ့ ၄၄၈ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အာဆီယံနဲ့ မိတ်ဘက် ၈ နိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေပါဝင်မယ့် ၁၃ ကြိမ်မြောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းအစည်းအဝေး (ADMM-Plus) ကို လာမယ့် ဇူလိုင်လ ၂ဝ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။

မိတ်ဘက် ၈ နိုင်ငံထဲမှာ ပါဝင်တဲ့ ဂျပန်၊ တောင်ကိုးရီးယားနဲ့ အမေရိကန်နိုင်ငံက ကာကွယ်ရေးဝန်ကြီးဌာနတွေကို အဲဒီအစည်းအဝေးသွားမတက်ဖို့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေက ဒီကနေ့ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်တာပါ။

မိတ်ဘက် ၈ နိုင်ငံထဲက ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံကတော့ အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

မြန်မာစစ်တပ်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ခေါင်းစဉ်အောက်ကနေ နိုင်ငံတကာရာဇဝတ်မှုတွေကို ကာလကြာရှည် ကျူးလွန်ခဲ့တယ်လို့ အိတ်ဖွင့်ပေးစာမှာ ရေးထားပါတယ်။

အထင်ရှားဆုံးကတော့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးသတ်ဖြတ်တာ၊ ရွာလုံးကျွတ်မီးရှို့တာ၊ အရပ်သားပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ အစည်းအဝေး ပူးတွဲကျင်းပမယ့် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ထိုးခဲ့တာဟာလည်း နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်ပြီး၊ စစ်ရာဇဝတ်မြောက်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ ထောက်ပြထားပါတယ်။

ဒါကြောင့် ရုရှားနဲ့ မြန်မာ ပူးတွဲကျင်းပမယ့် အစည်းအဝေးကို တက်ရောက်တာဟာ သူတို့ကို စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်ဖို့ အားပေးရာရောက်မယ်လို့ အိတ်ဖွင့်ပေးစာမှာ ‌ရေးသားထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ကျင်းပတဲ့ ၁၂ ကြိမ်မြောက် ADMM-Plus အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ CRPH နဲ့ PDF တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် မြန်မာစစ်ကောင်စီက ပုံဖော်ပြောဆိုထားပါတယ်။

ADMM-Plus အစည်းအဝေးမှာ ပါဝင်တဲ့နိုင်ငံတွေကတော့ အာဆီယံ ၁ဝ နိုင်ငံနဲ့ အမေရိကန်၊ တရုတ်၊ ရုရှား၊ တောင်ကိုးရီးယား၊ နယူးဇီလန်၊ ဂျပန်၊ ဩစတြေးလျနဲ့ အိန္ဒိယနိုင်ငံတို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။