အနောက်နိုင်ငံတွေကြောင့် ရုရှားနဲ့ မြန်မာ ပိုမိုနီးကပ်သွားကြောင်း တရုတ်မီဒီယာဖော်ပြ

အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြားမှာ ရုရှား - မြန်မာဆက်ဆံရေးဟာ ပိုပြီးနက်ရှိုင်းခိုင်မာလာတယ်လို့ တရုတ်သတင်းဌာန South China Morning Post မှာ အရှေ့အာရှအရေး ကျွမ်းကျင် Maria Siow က သုံးသပ်ရေးသားထားပါတယ်။

ရုရှားနဲ့ မြန်မာတို့ဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာ ကြောင့် နှစ်နိုင်ငံဆက်ဆံရေးဟာ စစ်ကောင်စီ အာဏာတည်မြဲနေတဲ့အထိ ပိုပြီးနီးကပ် မှုရှိတဲ့ ဆက်ဆံရေးရှိလာစေမှာဖြစ်တယ်လို့ Maria Siow က ဩဂုတ်လ ၁၈ ရက်နေ့ ဒီနေ့ ဖော်ပြတဲ့ ဆောင်းပါးထဲမှာ ရေးသားထားပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ် (Sergey Lavrov) ဟာ ဒီလအစောပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံစဉ် စီးပွားရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားသတင်းဌာန Tass က ရေးသားခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြီးခဲ့တဲ့ ဇူလိုင်လက ရုရှားကို သွားရောက်လည်ပတ်ခဲ့ပြီး ရုရှား ထိပ်တန်းကာကွယ်ရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ စစ်ရေးနဲ့ နျူကလီးယား စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါ တယ်။

ယူကရိန်းကို ကျူးကျော်တဲ့အတွက် ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားနိုင်ငံဟာ အလားတူ ပိတ်ဆို့အရေးယူမှုတွေ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ပိုပြီးရှေ့ ရောက်စေတယ်လို့ နိုင်ငံတကာဆက်ဆံရေး ရုရှားတက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်သူ Artyom Lukin က သုံးသပ်ပါတယ်။

မြန်မာစစ်အစိုးရဟာ နိုင်ငံတွင်း ပိုအားကောင်းလာပြီး လုံလောက်တဲ့ တည်ငြိမ်အေးချမ်းမှု ရှိလာရင် ရုရှားအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်တိုးမြှင့်သွားလိမ့်မယ်လို့လည်း Artyom Lukin က ပြောပါတယ်။

စစ်ကောင်စီဟာ အနောက်နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမရှိတာက ရုရှားအနေနဲ့ ဒေသတွင်း ကိုယ်ကျိုးရှာဖို့ အခွင့်အလမ်းတစ်ခု ဖြစ်စေတယ်လို့လည်း ရုရှားနိုင်ငံတကာ ရေးရာ ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Artyom Lukin က သုံးသပ်ပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အရပ်သားဆန္ဒပြသူတွေနဲ့ အတိုက်အခံတွေကို ဖိနှိပ်ရက် စက်မှုတွေကြောင့်လည်း မြန်မာဟာ နိုင်ငံတကာနဲ့ ပိုမိုကင်းကွာလာတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောဆိုကြပါတယ်။