ဖက်ဒရယ်ပြည်ထောင်စုအရေး စစ်ကိုင်းဖိုရမ်မှာဆွေးနွေး

အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ စစ်ကိုင်းတိုင်းအနေနဲ့ ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ပါဝင်ဖို့ စစ်ကိုင်းဖိုရမ်မှာ ဆွေးနွေးခဲ့တယ်လို့ ပါဝင်သူတွေက ပြောပါတယ်။
"ပြည်နယ်တွေ စုပေါင်းထားတဲ့ ပြည်ထောင်စုကို သွားမှာပဲ၊ ပြည်နယ်တွေသဘောသဘာဝ ဘယ်လိုရှိတယ်၊ ပြည်ထောင်စုသဘောသဘာဝက ဘယ်လိုရှိတယ် အာဏာခွဲဝေမှုက ဘယ်လိုရှိတယ်ဆိုတာကို ပြည်သူတွေက နားလည်မှသာ နောက်ဆုံး သူတို့ဖြစ်တည်မှုကိုကြည့်ပြီး ငါတို့က ဘယ်သူတွေနဲ့နေချင်တယ် ဘယ်သူတွေနဲ့ တစ်စုတစ်စည်းနေမယ်ဆိုတာကို ပြည်သူတွေကိုယ်တိုင် မှန်မှန်ကန်ကန်ကန်ရွေးချယ်နိုင်မှာဖြစ်တယ်"လို့ စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေကပြောပါတယ်။
ဖက်ဒရယ်ယူနစ် ဘယ်လိုပုံစံဖွဲ့မယ်ဆိုတဲ့ သတ်မှတ်ချက်ကို အသွင်ကူးပြောင်းရေးကာလရောက်မှ ပြည်သူလူထုဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မယ်လို့လည်း ပြောကြပါတယ်။
လက်ရှိ ရှိနေတဲ့ နယ်နိမိတ်ကိုအခြေခံပြီး လက်တွေ့ဘယ်လိုပူပေါင်းဆောင်ရွက်မလဲဆိုတာ အဓိကထားဆွေးနွေးခဲ့ပြီး ဗမာပြည်နယ်ဖွဲ့မယ် မဖွဲ့ဘူးဆိုတာ ဆွေးနွေးထားတာမရှိဘူးလို့ ကိုခန့်ဝေဖြိုးကပြောပါတယ်။
"ဖက်ဒရယ်ယူနစ် ဘယ်လိုဖွဲ့မလဲ၊ ဗမာပြည်နယ် ဖွဲ့မလား၊ မဖွဲ့ဘူးလားဆိုတာက အသွင်ကူးပြောင်းရေးကာလရောက်မှပဲ သက်ဆိုင်တဲ့ အဲဒီနယ်နိမိတ်ထဲမှာနေထိုင်တဲ့ ပြည်သူလူထုကပဲ အသွင်ကူးပြောင်းရေးကာလ အစီအမံတွေအတိုင်းပဲ ပြည်သူလူထု ဆုံးဖြတ်ချက်အတိုင်းဖြစ်မှာပါဗျ၊ ဗမာပြည်နယ် ဖွဲ့မယ် မဖွဲ့ဘူးဆိုတာကို ဆွေးနွေးထားတာမရှိသလို၊ ကျွန်တော်တို့က ဒီအထိုင်ပေါ်မှာ အတင်းဆုပ်ကိုင်ပြီးတော့ အသွင်ကူးပြောင်းရေးကာလရောက်ရင်လည်း ဒီအထိုင်ပေါ်မှာ ဖက်တွယ်ထားမယ်လို့ ဆုံးဖြတ်ထားတာမရှိပါဘူးဗျ "
စစ်ကိုင်းဖိုရမ်ကနေ တိုင်းအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းသွားဖို့လည်း သဘောထားပြုခဲ့ကြသလို ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဖော်ဆောင်ဖို့ ရည်မှန်းတယ်ဆိုပြီး နှစ်ရက်ကြာကျင်းပခဲ့တဲ့ စစ်ကိုင်းဖိုရမ်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရာမှာ စစ်ကိုင်းတိုင်းကို ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ်ပါဝင်ဖို့ မျှော်လင့်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က စစ်ကိုင်းဖိုရမ်ကို မေလ ၃၀ ရက်နေ့က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
စစ်ကိုင်းဖိုရမ်ကို မေလ ၃ဝ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နှစ်ရက်ကြာကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်း မြို့နယ် ၂၈ မြို့နယ်က အဖွဲ့အစည်းပေါင်း ၁၇၃ ဖွဲ့နဲ့ လေ့လာသူ ၃၁ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့တယ်လို့လည်း ဖိုရမ်တာဝန်ရှိသူတွေကပြောပါတယ်။
စစ်ကိုင်းဖိုရမ်ကို မိတ်ဖက်အဖွဲ့အစည်း ၂၇ ဖွဲ့က သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပြီး နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနဲ့ အထွေထွေကဏ္ဍတွေ ခွဲဝေဆွေးနွေးခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။
နောက်ထပ် စစ်ကိုင်းဖိုရမ်ကို သုံးလတစ်ကြိမ်ကျင်းပဖို့ ရည်မှန်းထားပြီး နောက်ဖိုရမ်တွေမှာ မပါဝင်နိုင်သေးတဲ့အဖွဲ့တွေ ပါဝင်အောင် ကြိုးပမ်းနေပြီး စစ်ကိုင်းတိုင်းကို နိုင်ငံရေး၊ စစ်ရေးအရ ပိုမိုအားကောင်းအောင် ဆောင်ရွက်သွားမယ်လို့ ဖိုရမ်တာဝန်ရှိသူတွေက ပြောပါတယ်။