သိမ်းဆည်းလယ်ယာမြေပြန်လည်ရရှိဖို့ တောင်သူ ၁၀၀ ကျော် ဆန္ဒပြ


2018.12.30
sagaing-farmers-protest-622.jpg စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေပြန်လည်ရရှိဖို့ တောင်သူတွေ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့က ဆန္ဒပြခဲ့စဉ်
ဓာတ်ပုံ - ကိုသိန်းထွန်းအောင်

တပ်မတော်အစိုးရလက်ထက်က MEC သကြားစက်ရုံနဲ့ အရက်ချက်စက်ရုံတွေ တည်ဆောက်ဖို့ သိမ်းဆည်းထားခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းက မြေဧက တစ်ထောင်ကျော်ကို ပြန်ပေးဖို့ ဒေသခံ တောင်သူ ၁၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ထန်းတပင်၊ ပျင်းတော်၊ ချောင်းကန်၊ ထနောင်းကိုင်း ကျေးရွာအုပ်စုအတွင်းက မြေတွေကို တပ်မတော်က ၁၉၉၉ ခုနှစ်က သိမ်းယူခဲ့တာလို့ မြေဧက ၄၀ ခန့်သိမ်းဆည်းခံထားရတဲ့သူ ဦးသိန်းထွန်းအောင် ကပြောပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာ ဒေသခံတောင်သူတွေက စက်ရုံဆောက်လုပ်ပြီး ပိုလျှံနေတဲ့ မြေတွေကို ဥပဒေနဲ့အညီ ပုံစံ ၇ နဲ့ တကွ တောင်သူတွေကို ပြန်ပေးဖို့၊ အဆောက်အဦးတွေဆောက်လုပ်ပြီးတဲ့ မြေတွေအတွက် လျော်ကြေးငွေကို ကာလပေါက်ဈေးနဲ့အညီပေးဖို့၊ နှစ်စဉ်ဆုံးရှုံးနစ်နာခဲ့တဲ့ သီးနှံလျော်ကြေးတွေပေးဖို့နဲ့ အနံ့ဆိုးတွေထွက်နေတဲ့ MEC စက်ရုံတွေကို ပိတ်သိမ်းပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

မြေတွေသိမ်းယူခဲ့စဉ်က မြေ ၁ ဧကကို ကျပ် ၂၀၀၀ နှုန်းနဲ့ လျော်ကြေးပေးခဲ့ကြောင်း၊ အဲဒီအချိန်က မြေ ၁ ဧကက ပေါက်ဈေးဟာ ကျပ် ၈ သောင်းကနေ ၁ သိန်းဝန်းကျင် ရှိတယ်လို့ ပြောပါတယ်။

သိမ်းဆည်းမြေတွေကို ပြန်ပေးဖို့တောင်သူတွေရဲ့ တောင်းဆိုမှုအရ ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ်မှာ ကာလပေါက်ဈေးအတိုင်းလျော်ကြေးပေးဖို့ အစီရင်ခံစာထုတ်ပြန်ခဲ့ပေမယ့် လက်ရှိအချိန်အထိ လျော်ကြေးမရ ဘူးလို့ ဆန္ဒပြတောင်သူတွေက ပြောပါတယ်။

ဆန္ဒပြတောင်သူတွေဟာ ဇီးကုန်းမြို့ကနေ စက်ရုံရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။