စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်မှာရှိတဲ့ ညောင်ပင်ရှည်ရွာကို အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်က ဧပြီလ ၂၂ ရက် ဒီနေ့မနက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီးနောက် ကျေးရွာသား ၁၀၀၀ ခန့် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ရွာထဲမှာ တပ်စွဲထားတာကြောင့် ကျေးရွာသားတွေအားလုံး ထွက်ပြေး တိမ်းရှောင် နေကြရတာလို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက်အစောကြီး ရွာကို ဝင်စီးတာ။ လက်နက်ကြီးနဲ့ပစ် ဝင်လာတာ။ တစ်ရွာလုံးက ထွက်ပြေးနေရတယ်။ ရွာသားတစ်ယောက် လက်နက်ကြီးထိထားတယ်။ အခု ရွာကိုမီးရှို့ တပ်စွဲထားတယ်။ ရွာသားတွေက ကပ်မရတော့ ဘယ်လိုဖြစ်နေလဲ အသေးစိတ်တော့ မသိရသေးဘူး။ ထွက်ပြေးနေကြရတော့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ဒုက္ခရောက်နေတယ်”
ရွာထဲမှာ စစ်တပ်က နေရာယူထားတာကြောင့် မီးရှို့ခံရတဲ့ အိမ်အရေအတွက် အသေးစိတ်ကို မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိတယ်ဆိုတဲ့ သံသယနဲ့ ကျေးရွာတွေထဲကို အခုလို စီးနင်းဝင်ရောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စွပ်စွဲခံရတာတွေ ရှိနေတာကြောင့် သူတို့အနေနဲ့ ကျေးရွာတွေထဲ ဝင်ရောက်တာတွေကို ရှောင်ရှားလေ့ရှိသလို အရပ်သား တွေရဲ့ နေအိမ်တွေကို မီးရှို့တယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ်မှာလည်း မဟုတ်မှန်ကြောင်း တုံ့ပြန်ထားပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်းမှာ အခုလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ရွာတွေကို မီးရှို့ခဲ့တာ ကြောင့် သာစည်လေးရွာ၊ ဘုရားလှရွာနဲ့ သာဇင်ရွာတို့က နေအိမ် ၂၅၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ရေးအခြေအနေတွေကြောင့် လတ်တလောမှာ ညောင်ပင်ရှည်၊ ထန်းတောဆိပ်၊ သာဇင် ရွာအပါအဝင် ရွာပေါင်း ခုနစ်ရွာလောက်က ဒေသခံ ၅၀၀၀ ကျော်ဟာ နီးစပ်ရာ တောတွေနဲ့ ရွာတွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။