ပုလဲမြို့ဘက် ထွက်ပြေးနေရတဲ့ ကျောမြို့ဒေသခံ ၃၅၀ ကျော် အရေးပေါ်အကူအညီလိုအပ်နေ

2022.09.20
ပုလဲမြို့ဘက် ထွက်ပြေးနေရတဲ့ ကျောမြို့ဒေသခံ ၃၅၀ ကျော် အရေးပေါ်အကူအညီလိုအပ်နေ စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

စက်တင်ဘာလ အစောပိုင်းကတည်းက စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ဘက်ကို ထွက်ပြေးလာ ခဲ့ရတဲ့ မကွေးတိုင်း၊ ကျောမြို့နယ် ကန်းသစ်ရွာက ဒေသခံ ၃၅၀ ကျော်အတွက် နေထိုင်ရေး နဲ့ စားနပ်ရိက္ခာအပါအဝင် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ပုလဲဒေသခံတွေ က RFA ကို ပြောပါတယ်။

ထွက်ပြေးလာရသူတွေထဲမှာ ဘုန်းကြီးတစ်ပါးနဲ့ သူငယ်တန်းကနေ ဆယ်တန်းအထိ ပညာသင်ကြားနေတဲ့ ကလေးငယ်တစ်ရာနီးပါး အပါအဝင် အမျိုးသား ၁၇၀ ဦးနဲ့ အမျိုးသမီး ၁၈၁ ဦးရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်ကောင်စီကိုထောက်ခံတဲ့ ပျူစောထီးတွေက ခြိမ်းခြောက်တာကြောင့် ဘာပိုင်ဆိုင်မှုမှ မယူနိုင်ဘဲ ထွက်ပြေးလာကြရတာလို့ အကူအညီပေးနေသူတစ်ဦးက RFA ကို ဒီကနေ့ ပြောပါတယ်။

“ကန်းသစ်ရွာမှာ ပျူစောထီးတွေက လက်နက်တွေကိုင်ပြီးတော့ ဒေသခံတွေကို ခြိမ်းခြောက်တယ်လို့ ထွက်ပြေးလာသူတွေက ပြောတယ်။ အဲဒီရွာက ပျူစောထီးရွာ ဖြစ်သွားတာပေါ့။ ဒေသခံတွေက စစ်ကောင်စီ အားပေးတဲ့လူတွေပဲ ကျန်ခဲ့ပြီး ရွာသား တွေက အိုးအိမ်တွေ၊ လယ်ယာမြေတွေ ထားခဲ့ပြီးတော့ ထွက်ပြေးလာရတယ်။ အသက် ကလွဲရင် ကျန်တာအရေးမကြီးဘူးဆိုပြီး လှည်းနွားတောင် မသယ်နိုင်ဘူး ထွက်ပြေးလာ ကြတာ။ ပုလဲမြို့နယ်ထဲ ရောက်လာတဲ့ အနေအထားမှာ ဒေသခံတွေနဲ့ မြို့နယ်ကာကွယ် ရေး တပ်ဖွဲ့တွေက ကူညီပေးထားရတယ်”

ဒါ့အပြင် နာတာရှည်ရောဂါသည်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေလည်း ပါဝင်တာကြောင့် သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆန်၊ ဆီ စတဲ့ စားနပ်ရိက္ခာ တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပုလဲမြို့နယ်ထဲမှာလည်း အိမ်ခြေ နှစ်ထောင်လောက် မီးရှို့ဖျက်ဆီးခံထားရပေမယ့် အခု ထွက်ပြေးလာရသူတွေကို ရွာအချင်းချင်းကပဲ ကူညီပေးနေရတယ်လို့ ပုလဲမြို့ခံတွေက ပြောပါတယ်။

အခုထွက်ပြေးလာကြတဲ့ ကျောမြို့နယ်က ဒေသခံတွေကို လုံခြုံတဲ့နေရာတစ်ခုမှာ ရွာငယ်ပုံစံ လုပ်ပေးထားတယ်လို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေး ဒုက္ခသည်ဦးရေ မကွေးတိုင်းမှာ ၉၈,၁၀၀ ဦးနဲ့ စစ်ကိုင်းတိုင်းမှာ ၅၂၈,၃၀၀ ဦးရှိတယ်လို့ UNOCHA က ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။