နိုင်ငံရေးလှုပ်ရှားတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေ တားမြစ်ခံရ

2022.03.25
နိုင်ငံရေးလှုပ်ရှားတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေ တားမြစ်ခံရ ရန်ကုန်မြို့ စီးတီးမတ်တစ်ခုအတွင်းရှိ စာအုပ်အရောင်းဆိုင်တစ်ခုကို ၂၀၂၁ ဧပြီလ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ စာရေးဆရာ တွေ၊ CDM ထဲ ပါဝင်နေတဲ့ စာရေးဆရာတွေ၊ နိုင်ငံရေးအရ လတ်တလော ထင်ရှားနေတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေကို ဈေးဝယ် စင်တာတွေ၊ အရောင်းဆိုင်တွေမှာ တင်မ ရောင်းဖို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လကစပြီး ရန်ကုန်မြို့က စာအုပ် တိုက်တွေကို တားမြစ်ထားတယ်လို့ စာအုပ်တိုက် တာဝန်ရှိသူတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က စာအုပ်ထုတ်ဝေရေးနဲ့ ဖြန့်ချိရေးတိုက် အချို့က တာဝန်ရှိသူတွေက အခုလို တားမြစ်တာကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် ခံ SB ရဲတွေက ဖုန်းနဲ့ဆက်သွယ်ပြီး သတိပေးတားမြစ်နေတာလို့ အတည်ပြုပြောဆိုကြ ပါတယ်။ ဒါကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ နဲ့ အမှုဖွင့်ခံထားရတဲ့ စာရေးဆရာ တွေရဲ့ စာအုပ်တွေကို ဆိုင်တွေက အတင်မခံတော့တာကြောင့် သိမ်းထားရတယ်လို့လည်း ပြောကြပါတယ်။

"စာပေလွတ်လပ်မှုဆိုတဲ့ ဝေါဟာရကို တို့ဗမာစာပေမှာရော သတင်းမှာရော အကုန်ပျောက်သွားပြီ"

ဒီလို တားမြစ်ခံရတာကြောင့် ရန်ကုန်မြို့က လူအစည်ကားဆုံး ဈေးဝယ်စင်တာတွေမှာရှိတဲ့ စီးတီးမတ် အရောင်းဆိုင်တွေမှာ သရုပ်ဆောင် ဇဏ်ခီနဲ့ စာရေးဆရာ ဒေါက်တာဖြိုးသီဟ အပါအဝင် ပုဒ်မ-၅၀၅ အထုတ်ခံထားရသူတွေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံအားပေးတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေကို ရောင်းချတာမျိုး မတွေ့ရတော့ ဘူးလို့ ရန်ကုန်မြို့က စာရေးဆရာတွေနဲ့ ထုတ်ဝေသူတွေက ပြောပါတယ်။

သရုပ်ဆောင် ဇဏ်ခီရဲ့ စာအုပ်ကို ဒီရက်ပိုင်း စီးတီးမတ်မှာ သွားရှာခဲ့ပေမယ့် အရောင်း ဝန်ထမ်းက ကုန်နေတယ်လို့ပြောပြီး မရောင်းပေးခဲ့ဘူးလို့ ရန်ကုန်မြို့က စာရေးဆရာမ တစ်ဦးက RFA ကို ပြောပါတယ်။

“စီးတီးမတ်တစ်ခုကို သွားတဲ့အခါကျတော့ ဇဏ်ခီရဲ့ စာအုပ်ကို အရင်ကြည့်တယ်ပေါ့ နော်။ ကြည့်တဲ့အခါကျတော့ ခင်းကျင်းထားတဲ့ဆီမှာ မတွေ့ရဘူးပေါ့နော်။ အရောင်း ဝန်ထမ်းတစ်ယောက်ကို မေးကြည့်တယ်၊ ဇဏ်ခီရဲ့စာအုပ် လိုချင်ပါတယ် ရနိုင်မလား ဆိုတော့ သူလည်း ကြည့်ပေးတယ်။ ကြည့်ပေးတော့ ကုန်နေတယ်လို့ ပြောပါတယ်။ ကုန်တာလား မတင်တာလားဆိုတော့ အဲလိုမဟုတ်ပါဘူး။ ကုန်နေတာလို့ ပြောတယ်။ နောက်ပြီးတော့ တားမြစ်တဲ့အထဲမှာပါတဲ့ စာရေးဆရာတစ်ယောက်ရဲ့ နာမည်ရှိတဲ့ မယ်လွင့်ဆိုတာ သူရဲ့ စာအုပ်ကိုတော့ တွေ့ခဲ့တယ်။ အမှန်တကယ်ပဲ ပိတ်ပင်ထားတာ လား။ ဒါမှမဟုတ် တချို့သော အရောင်းစင်တာတွေက သူတို့အနေနဲ့ နည်းနည်းပဲ ထိတ်လန့်လို့လား ဆိုတာတော့ တွေးစရာလေးတော့ ဖြစ်သွားတာပေါ့”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးတီးမတ် အပါအဝင် အွန်လိုင်းက စာအုပ်ဖြန့် ချိရေး လုပ်ငန်းတချို့ဟာ နိုင်ငံရေးနဲ့ပတ်သက်နေတဲ့ စာရေးဆရာတချို့ရဲ့ စာအုပ်တွေနဲ့ နိုင်ငံရေးစာအုပ်တွေကို တင်ရောင်းပေးဖို့ မယူရဲကြတော့ဘူးလို့ ရန်ကုန်မြို့က အမည်မဖော် လိုတဲ့ ထုတ်ဝေသူတစ်ဦးကလည်း ပြောပါတယ်။

“ဒေါက်တာ ဖြိုးသီဟက ၅၀၅ ထဲမှာ ပါတာလား မသိဘူး။ အဲဒါကြောင့်မိုလို့ City Mart ဘက်က လက်မခံတာပေါ့။ ကျနော်တို့ နိုင်ငံရေးစာအုပ်ဆိုရင်လည်း City Mart က ဒီကာလမှာ မယူဘူးဗျ။ မယူဘူး။ တရားဝင် စာအုပ်ဖြန့်ချိရေးတွေ လုပ်နေတဲ့ အွန်လိုင်း ဖြန့်ချိရေးတွေလုပ်နေတဲ့ စာအုပ်တိုက်တွေက နိုင်ငံရေးစာအုပ်ဆိုရင် နည်းနည်းလက် ရှောင်လာကြတယ်။ City Mart ဆိုရင် အရင်က လူကြိုက်မယ်ထင်တဲ့ စာအုပ်တွေဆိုရင် သူတို့ အကုန်ယူကြတယ်။ ဒါပေမဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာတော့ ဒီနှစ်ထဲမှာပဲ ထူးထူးခြားခြား မယူကြတော့ဘူးပေါ့နော်"

ပြည်ထဲရေးဝန်ကြီးဌာနက တားမြစ်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ်ဆက်သွယ်ပြီး မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းတဲ့အခါ အမည်မဖော်လိုတဲ့ အဆင့်မြင့် အရာရှိတစ်ဦးက စာရေးဆရာတွေနဲ့ စာအုပ်ထုတ်ဝေသူတွေကို သီးခြားပိတ်ပင်ကန့်သတ် တာမျိုး မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

“ကန့်သတ်ထုတ်ပြန်တာတွေ ဘာမှမရှိဘူး။ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေရှိတယ်။ သတင်းမီဒီယာ ဥပဒေရှိတယ်။ အဲဒီ ဥပဒေတွေအတိုင်းပဲ။ ကျန်တာတွေကတော့ ဘာမှထပ်ပြီးတော့ မလုပ်ရဘူးတို့ မရှိပါဘူး။ စာပေဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်လို့ ကန့်သတ်ချက် ထပ်တိုးတာလည်း မရှိဘူး”

လက်ရှိမှာ စာအုပ်ထုတ်ဝေတဲ့သူတွေအနေနဲ့ ထုတ်/တင်စနစ်အရ ကိုယ့်တိုက်ကထုတ်တဲ့ စာအုပ် ၆ အုပ်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနမှာ သွားတင်ပေးဖို့ပဲ လိုအပ်တယ်လို့ ဆိုပါတယ်။ အဲဒီစနစ်ဟာ အရင်ကတည်းကရှိနေပြီး ထုတ်သမျှစာအုပ် တိုင်းကို ပြန်ကြားရေး ဝန်ကြီးဌာနက မှတ်တမ်းအဖြစ် ရယူထားတာသာဖြစ်တယ်လို့ အဲဒီအရာရှိက ပြောသွားပါတယ်။

ဒေါက်တာဖြိုးသီဟနဲ့ ဇဏ်ခီတို့ရဲ့ စာအုပ်တွေဟာ နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်တာမျိုး မဟုတ်ဘဲ လူ့အသိုက်အဝန်းကို အကျိုးပြုတဲ့ အတွေးအခေါ်ဆိုင်ရာ စာအုပ်တွေနဲ့ ဘာသာရေးနဲ့ ဆက်နွှယ်တဲ့ စာအုပ်တွေသာ ဖြစ်ပါတယ်။

ဒါပေမဲ့ သရုပ်ဆောင် ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ခရစ္စတီးနားခီ တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးသလို ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က NLD မဲအပြတ်အသတ် အနိုင်ရဖို့အတွက် မဲဆွယ်စည်းရုံးရေး ရုပ်သံတွေကို ရိုက်ကူးပေးခဲ့ဖူးပါတယ်။ ဇဏ်ခီတို့ ဇနီး မောင်နှံဟာ အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာ ခေတ္တထိန်းသိမ်းခံရပြီး အခုချိန်မှာ တော့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပါပြီ။ သူဟာ စစ်တပ်က အာဏာသိမ်းပြီး မှာ စံ နဲ့ ကိုယ်တိုင်သိရှိသွားမှု ဆိုတဲ့ စာအုပ်နှစ်အုပ်ကို ရေးသားခဲ့ပြီး ဘာသာရေးအပေါ် အခြေခံ ရေးသားတဲ့ စာအုပ်တွေသာ ဖြစ်ကြပါတယ်။

သုတ ရသနဲ့ အတွေးအခေါ်စာပေတွေ ရေးသားလေ့ရှိတဲ့ လူငယ်စာရေးဆရာ ဒေါက်တာ ဖြိုးသီဟ ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အတွက် တပ်တွင်းပုန်ကန်မှုဖြစ်အောင် စည်းရုံးလှုံ့ဆော်မှု ပုဒ်မ- ၅၀၅ (က) အထုတ်ခံရပြီး တိုင်းပြည်ကနေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သူတို့ရဲ့ စာအုပ်တွေကို မရောင်းတော့တာဟာ သူတို့ရေးတဲ့ စာအုပ်အမျိုးအစားကြောင့် မဟုတ်ဘဲ စာရေးဆရာတွေကိုယ်တိုင် နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်နေတာကြောင့်ဖြစ် တယ်လို့ ပုဒ်မ ၅၀၅ အထုတ်ခံရလို့ သူကိုယ်တိုင် ပြည်ပမှာ တိမ်းရှောင်နေရတဲ့ လူငယ် စာရေးဆရာတစ်ဦးက ပြောပါတယ်။

“သေချာတာကတော့ တော်လှန်ရေးနဲ့ ဆက်စပ်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေးထဲမှာ ပါတဲ့သူတွေကိုပဲ အဓိကထား လုပ်တာပေါ့။ တော်လှန်ရေးနဲ့တော့ ပတ်သက်ဆက်စပ်မှု ရှိတယ်။ စာအုပ်အမျိုးအစား အပေါ်မှာတော့ လုပ်တာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့စာအုပ်တွေက စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ စာအုပ် တွေ၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေပေါ့နော်။ တော်လှန်ရေးတို့၊ နိုင်ငံရေးတို့နဲ့ ဘာမှ ပတ်သက်ဆက်စပ်မှု မရှိဘူးဆိုတော့ အဓိကကတော့ ရေးသားတဲ့ စာရေးဆရာ တွေက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့လူတွေ ဖြစ်တဲ့အခါမှာ ဒီအပေါ်မှာ မူတည်ပြီး တော့ လုပ်တယ်လို့တော့ သေချာသလောက်ရှိတယ်”

စာပေအပါအဝင် ဘယ်ကဏ္ဍမှာမဆို လွတ်လပ်မှုဆိုတဲ့ ဝေါဟာရစကားလုံးဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းလိုက်ချိန်ကစလို့ ပျောက်ကွယ်သွားပြီလို့ ရန်ကုန်မြို့က ဝါရင့်စာရေးဆရာကြီး တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

လက်ရှိအခြေအနေဟာ စစ်အာဏာရှင် မကြိုက်တာကို ကျူးလွန်မိရင် ထောင်ဒဏ်တင် မကတော့ဘဲ အသက်ပါ ရန်ရှာခံရနိုင်တဲ့ အနေအထားမျိုးဖြစ်နေတာကြောင့် နိုင်ငံရေးနဲ့ ပတ်သက်သူတွေရဲ့ စာအုပ်တွေကို မရောင်းဖို့ တရားဝင် မပိတ်ပင်ဘူးဆိုရင်တောင် လူတွေက အကြောက်တရားနဲ့ ဆင်ခြင်နေထိုင်ကြရတာလို့လည်း သူက ဆိုပါတယ်။

book.jpg
ရန်ကုန်မြို့ စီးတီးမတ်တစ်ခုအတွင်းရှိ စာအုပ်အရောင်းဆိုင်တစ်ခုကို ၂၀၂၂ မတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်(Photo: RFA)

ယခင် မဆလနဲ့ စစ်အစိုးရ ခေတ်အဆက်ဆက်တုန်းကလည်း စာအုပ်ထုတ်ဝေရေးနဲ့ ပုံနှိပ်လုပ်ငန်းတွေကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ စာပေစိစစ်ရေးဌာနက တည်းဖြတ်ခွင့်ပြုပြီးမှ ထုတ်ဝေရတာဖြစ်ပါတယ်။ အဲဒီလို ခွင့်ပြုချက်ယူ တည်းဖြတ်ထုတ် ဝေတဲ့ စာအုပ်ဆိုပေမယ့် စာရေးတဲ့သူ ဒါမှမဟုတ် စာအုပ်ထဲမှာ ပါဝင်တဲ့ စာသားတွေဟာ အစိုးရကို ဝေဖန်တာ၊ ထိခိုက်တာ ပါဝင်လာခဲ့ရင် ဆိုင်ပေါ်ရောက်ပြီး ရောင်းချနေတဲ့စာအုပ် ကို စာပေစိစစ်ရေးနဲ့ စသုံးလုံးလို့ခေါ်တဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနနဲ့ ရဲတပ်ဖွဲ့က သိမ်းဆည်းတာ၊ အရေးယူတာတွေ လုပ်ခဲ့ပါတယ်။

“လွတ်လပ်မှု၊ စာပေလွတ်လပ်မှုဆိုတဲ့ ဝေါဟာရကို တို့ဗမာစာပေမှာရော သတင်းမှာရော အကုန်ပျောက်သွားပြီ။ မရှိတော့ဘူး။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်း ပြီး ကတည်းက တို့မှာ မရှိတော့ဘူး။ မရှိတော့ဘူး ဆိုတဲ့အခါကျတော့ အဲဒီလွတ်လပ်မှု အကြောင်း အထွေအထူး ပြောစရာမလိုတော့ဘူး။ ခုနက ပြောလိုက်တဲ့ မဂ္ဂဇင်း၊ ဂျာနယ် အားလုံးကစပြီး လွတ်လပ်စွာ ရေးခွင့်မရှိသလို လွတ်လပ်စွာလည်း ထုတ်ဝေခွင့် မရှိတော့ ဘူး။ တို့အနေနဲ့ လွတ်လပ်မှုဆိုတဲ့စကားကို ဒီစစ်အာဏာရှင်နဲ့ မင်းအောင်လှိုင်ခေတ်မှာ ပြောမနေကြပါနဲ့တော့”

စစ်ကောင်စီကတော့ အခုချိန်အထိ စာပေထုတ်ဝေခွင့်တွေကို ပိတ်ပင်ကန့်သတ်မှု မလုပ် သေးတာဟာ အာဏာတည်မြဲရေးအတွက် အရင်ဆုံး လုပ်ဆောင်နေတာဖြစ်ပြီး နောက်ပိုင်း မှာ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း စာအုပ်စာပေထုတ်ဝေရေး ကဏ္ဍကို ပိတ်ဆို့ကန့်သတ်မှု တွေ လုပ်လာလိမ့်မယ်လို့လည်း စာရေးဆရာတွေ၊ ထုတ်ဝေသူတွေနဲ့ စာပေလောကသား တွေက သုံးသပ်ပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။