တရုတ် ကြေးနီစီမံကိန်းအနီး စစ်ကြောင်းကြောင့် ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေး

RFA Burmese
2024.09.13
တရုတ် ကြေးနီစီမံကိန်းအနီး စစ်ကြောင်းကြောင့် ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေး ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
အညာပစ်တိုင်းထောင်လေးများ ဓာတ်ပုံ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တရုတ် ကြေးနီစီမံကိန်းအနီးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရပြီး အရပ်သား နှစ်ဆယ်ခန့်လည်း ဖမ်းဆီးခံထားရတယ်လို့ ဆားလင်းကြီး ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ယင်းမာပင်မြို့နယ် အုံတုံပင်ရွာက ဒေသခံ ခြောက်ဦးနဲ့ မကျည်းတစ်ထောင်ရွာက ဒေသခံ ၁၅ ဦး ဖြစ်ပြီး အုံတုံပင်၊ ဘိန်းနွယ်ချောင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲက ဝုဏ်တော၊ ဒုံးတော၊ ကံကုန်း စတဲ့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက တရုတ် ကြေးနီစီမံကိန်းအနီး မြေပြင်ကင်းစယူတဲ့အချိန် ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနေ့ ညနေမှာပဲ ဒေသခံတွေ စပြီးဖမ်ဆီးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆားလင်းကြီး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကားတွေ မလာခင် အဲညမှာ အနီးအနား အုံတုံပင်ရွာက လမ်းဘေးဈေးဆိုင်က ပြည်သူတွေ အကုန်လုံးကို ဖမ်းထားတယ်ဗျ။ အခြားလမ်းသွားလမ်းလား ပြည်သူ ၁၅ ဦးပါ ပါတယ်ဗျ။ အယောက် နှစ်ဆယ်လောက်ကို သူတို့ လက်ရှိဖမ်းထားတယ်ဗျ"

ဖမ်းဆီးခံရသူတွေရဲ့ အသေးစိတ်အခြေအနေကို မသိရသေးဘဲ လက်ရှိအချိန်အထိ အုံတုံပင်ရွာရဲ့ မြောက်ဘက် စစ်ကောင်စီ ရဲတပ်ရင်း ၂၈ ထဲမှာ ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

စစ်ကြောင်းကြောင့် ဒေသခံတွေလည်း ထွက်ပြေးနေရပြီး မိုးအဆက်မပြတ် ရွာနေတာကြောင့် အခက်အခဲဖြစ်ရတယ်လို့ ဆားလင်းကြီး ဒုံးတောရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာကလူတွေ ထွက်ပြေးတိမ်းရှောင်နေတယ်။ အဲဒါမှာ အခုလောလောဆယ်ကတော့ သူတို့က ဝမ်ပေါင်ထဲမှာရှိနေတယ်။ လောလောဆယ် ဒီဘက်ကို ထွက်မလာသေးဘူး။ အဲဒါဘယ်လိုလဲဆိုတာ စောင့်ကြည့်နေတာ။ ရွာကလူတွေတော့ ရွာကိုပြန်မဝင်သေးဘူး။ အခြားတွေမှာ တိမ်းရှောင်နေကြတာလေ။ အခက်အခဲတွေကတော့ တော်တော်ရှိတာပေါ့။ လူကြီးတွေက ပိုပြီးတော့ အခက်အခဲ ဖြစ်တာပေါ့။ မိုးထဲပြေးလွှားနေကြတာ ဆိုတော့လေ”

ဒါနဲ့ပတ်သတ်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင် ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှာ စစ်ဘေးဒုက္ခသည် ၁၂ သိန်းကျော်အထိရှိလာပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။